လောင်းလုံး အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅ခုနှစ် မိုးရာသီမိုးစပါးပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများ၊ ဆောင်းသီးနှံ မတ်ပဲနှင့် အစေ့ထုတ်ပြောင်းစိုက်ပျိုးမည့် တောင်သူများအား (စတုတ္ထအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ထားဝယ်မြို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်ဇေယျက အမှာစကားပြောကြားပြီး လောင်းလုံးမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းမောင်က နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် ဓာတ်မြေဩဇာများအား ဈေးနှုန်းချိုသာစွာဖြင့် ထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်း မျိုးသန့်များရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ ဒေသခံတောင်သူများအားလုံးကလည်း သက်ဆိုင်ရာ ဌာနများနှင့်ချိတ်ဆက်ပူးပေါင်းကာ ကြိုးစားဆောင်ရွက်ကြဖို့လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သဘာဝမြေဩဇာများကို စနစ်တကျထည့်သွင်းအသုံးပြုကြဖို့လိုကြောင်း၊ မြို့နယ်အတွင်း တောင်သူများအနေဖြင့် မိုးရာသီ မိုးစပါးစိုက်ပျိုးဧကအထွက်နှုန်းတိုး၍ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရရှိပြီး တစ်ဖက်တစ်လမ်းမှအထောက်အကူပြု နိုင်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးဦးဟိန်းထက်ပိုင်က ၂၀၂၅ခုနှစ်အတွက် မိုးရာသီမိုးစပါးပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများ၊ ဆောင်းသီးနှံ၊မတ်ပဲနှင့်အစေ့ထုတ်ပြောင်း စိုက်ပျိုးနိုင်ရေးအတွက် (စတုတ္ထအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်း ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။
ထို့နောက် ထားဝယ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်ဇေယျ၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝေလင်းမောင်နှင့် တာဝန်ရှိသူများက တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ကြောင်းသိရသည်။
လောင်းလုံးမြို့နယ်အတွင်းရှိ မိုးရာသီမိုးစပါးပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ယူရီးယား ဓာတ်မြေဩဇာ တစ်အိတ်လျှင် ၄၆၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း အိတ် ၂၈၀ ကို ကျေးရွာရှိတောင်သူများအား စျေးနှုန်းချိုသာစွာဖြင့်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဟိန်းထက်ပိုင်ထံမှသိရသည်။
သိန်းသိန်း(လောင်းလုံး)