ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး

ပုသိမ် အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် (၂၆) မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိစာသင်တိုက်အတွင်း ဌာနဆိုင်ရာများနှင့်ပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊  သစ်ပင်အကိုင်းအခက်များအား ခုတ်ထွင်ရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ ရေဝပ်ခြင်းများမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများရေစီးရေလာ ကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ခြုံနွယ်များ စနစ်တကျရှင်းလင်းစေရေး၊ အဆောက်အဦများရှိ ရေညှိများတိုက်ချွတ် စေရေးနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်း သပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့သည်။  အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာန ဆိုင်ရာများ၊ ဒေသခံပြည်သူများမှစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)