ပုသိမ် အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်နှင့် ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းကျေးရွာ၊ တောင်သူဒေါ်ခင်နှင်းဝေ၏ စိုက်ဧက (၇) ဧကတွင် ဆာဖိုးသာစပါးမျိုးအား မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ စပါးစိုက်ပျိုးမှု၊ တစ်ဧကအထွက်နှုန်း၊ စိုက်ပျိုးစရိတ်ကုန်ကျမှု အခြေအနေများမေးမြန်းခဲ့ပြီး တိုင်းဒေသကြီး၏ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးနှင့် တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိရေးအတွက် မျိုးကောင်း၊ မျိုးသန့်စပါးများရွေးချယ်စိုက်ပျိုးရေး၊ အထွက်နှုန်းများ တိုးတက်ရေးအတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းမှန်ကန်စွာ စိုက်ပျိုးကြရမှာဖြစ်ပါကြောင်း၊ ကြဲခင်းများပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တောင်သူများကလည်း လိုက်ပါဆောင်ရွက်ကြရန်လိုပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန် - ပုသိမ်လမ်း မိုင်တိုင် ( ၇၄/၅ မှ ၉၆/၅ = ၂၂မိုင် ဝ ဖာလုံ )၌ ကတ္တရာလမ်းချဲ့ခြင်း (၄.၅ ဖာလုံ )၊ ကတ္တရာလမ်းအနိမ့်အမြင့်ဖြေညှိခြင်း ( ၂.၅ )ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ( ၁ မိုင် ၂.၉၅ ဖာလုံ ) လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးလမ်းဦးစီးဌာနစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ)က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပွင့်လင်းရာသီကိုရောက်ရှိလာပြီဖြစ်၍ ခရီးသွားရာသီစတင်တော့မည်ဖြစ်ရာ လမ်း/ တံတားလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူအင်အား၊ စက်အင်အားများဖြင့် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ အင်ပြည့်အားပြည့် ဆောင်ရွက်သွားရန်၊ ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းအလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်နှင့်ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာလ(၃၀)ရက်နေ့မှ ကပ်ထားကြေညာလျက်ရှိပြီး ပြည်သူများ မဲစာရင်းပါရှိစေရေး၊ မဲစာရင်းတွင်မပါဝင်ခြင်း၊ အချက်အလက်များ မှားယွင်းခြင်းများဖြစ်ပေါ်ပါက သက်ဆိုင်ရာပုံစံများနှင့်အတူလျှောက်ထားစေရေးနှင့် မဲပေးခွင့် အခွင့်အရေးများဆုံးရှံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများ ရောက်ရှိသည့်နေရာများတွင် မဲပေးနိုင်ရေးအတွက်လည်း စနစ်တကျစီမံဆောင်ရွက်သွားရန်လိုပါကြောင်း၊ ခရီးလွန်ပြည်သူများပြန်လည်ရောက်လာပါက မဲစာရင်းတွင်ပါရှိစေရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း မဲစာရင်းပါရှိစေရေးအလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ တာဝန်ရှိသူအားလုံးက စနစ်တကျစီမံဆောင်ရွက်မှသာ မဲပေးခွင့်ရှိသူအားလုံးပါဝင်မည်ဖြစ်ပါကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင်ပါဝင်သည့် ဌာနဆိုင်ရာများကလည်း အသိပညာပေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားရန်လိုပါကြောင်း”အမှာစကားပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မဲစာရင်းများမှန်ကန်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာဒေသများမှပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအနေဖြင့် မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက အမည်ထည့်သွင်းပေးရန် လျှောက်ထားနိုင်မှုအခြေအနေများ၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာဒေသများမှ အသက် (၁၈) နှစ်ပြည့်ပြီးတိုင်း မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် ဥပဒေ၊ နည်းဥပဒေများဖြင့် စနစ်တကျဆင့်ခေါ်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည့်ကိစ္စရပ်များနှင့် အစည်းအဝေးသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)