နေပြည်တော် အောက်တိုဘာ ၁၁
နိုင်ငံတစ်ဝန်းရှိ တိုင်ဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူစည်ကားရာနေရာများတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့”ဟူသောဆောင်ပုဒ်ပါ လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူသည့် အခမ်းအနားများကို အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက် တို့တွင် ဆောင်ရွက်ကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့်မြို့နယ်များတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူသည့် အခမ်းအနားများကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ရန်ကင်းမြို့နယ်တို့၌လည်းကောင်း၊ မွန်ပြည်နယ် သထုံမြို့နယ်တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့တို့တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တို့တွင်ကျင်းပရာ အခမ်းအနားများသို့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လူထုအသိပညာပေးဆိုင်းဘုတ်ကို သတ်မှတ်နေရာများ၌ စိုက်ထူဖွင့်လှစ်ပေးကြကြောင်း သိရသည်။
အလားတူ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁၃ ရက်အထိ ကပ်ထားကြေညာပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တွံတေးမြို့နယ်တို့တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၊ တောင်ငူမြို့နယ်၊ သဲကုန်းမြို့နယ်တို့၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌လည်းကောင်း မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းများလာရောက်ကြည့်ရှုပြီး လိုအပ်သည့် ဖြည့်စွက်၊ ပြင်ဆင်လျှောက်ထားမှုများ ဆက်လက်လုပ်ဆောင်နေကြကြောင်း သိရသည်။