မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလ ဘုရားပရဝဏ်အတွင်း အ‌ဆောက်အအုံများနှင့် ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးများ ပေးအပ်လှုဒါန်း

မကွေး အောက်တိုဘာ ၁၁

မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား အောက်တိုဘာ(၁)ရက်မှ (၂၀)ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဘုရားပွဲတော်ကျင်းပနေစဉ် ကာလအတွင်း မီးလောင်မှု/မီးလန့်မှုများမဖြစ်ပွားစေရေး အတွက်ဘုရား ပရဝဏ်အတွင်း အဆောက်အအုံများနှင့် ဈေးဆိုင်းခန်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးများ ပေးအပ်လှုဒါန်းခြင်းကို အောက်တိုဘာ (၈) ရက်နေ့ မွန်းလွဲပိုင်း ၄ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးများ ပေးအပ်လှုဒါန်းရာတွင် မကွေးမြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးသူ ဦးဆောင်၍ ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြသလွန်ဘုရားပရဝဏ်အတွင်းရှိ သာသနိက အဆောက်အအုံများနှင့် ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးအတွက် တပ်ဆင်ထားရှိသော မီးသတ်စက်များနှင့် မီးသတ်ဆေးဘူးများ အဆင်သင့် ဖြစ်/မဖြစ် စစ်ဆေးခြင်း၊ လျှပ်စစ်မီးအသုံးပြုမှုများ စစ်ဆေးခြင်း၊ ရေရရှိရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ (3-kg)မီးသတ်ဆေးဘူး(၁၀)ဘူးကို မြသလွန်ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူများအား ပေးအပ်လှူဒါန်းခဲ့ပြီး ဘုရားလုံခြုံရေးဝန်ထမ်းများကို မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်းများအား လက်တွေ့သရုပ်ပြသခဲ့ကြပြီး မြသလွန်ဘုရားပွဲတော်အတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မီးဘေးလုံခြုံရေးစစ်ဆေးခြင်း လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)