ကျွန်းစုမြို့၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုစင်တာ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံများနှင့် တွေ့ဆုံ

ကျွန်းစု အောက်တိုဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြိတ်ကက်သလစ်သာသနာနှင့်တိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော ဒေသခံတိုင်းရင်းသားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအစီအစဉ်အတွက် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲနှင့် တွေ့ဆုံပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့နံနက် ၉ နာရီအချိန်က ရေမြစ်ကြီးကျေးရွာအုပ်စု၊ ဝါးချောင်း‌ကျေးရွာ၌ ကျင်းပခဲ့သည်။

ဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့် တာဝန်ရှိသူများက အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုစင်တာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေး စင်တာအတွင်း လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တနင်္သာရီတိုင်းဒေသအစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သော ဆေးဝါးပစ္စည်းများအားဝန်ကြီးက တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ‌ဒေသခံတိုင်းရင်းသားများက နေထိုင်ရာကျေးရွာအလိုက် လိုအပ်လျက်ရှိသော ဆက်သွယ်ရေးတာဝါတိုင်၊ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းများနှင့် တံတားများ၊ သောက်သုံးရေရရှိမှုများ၊ ပညာရေးကဏ္ဍများနှင့် စသည်များအား တင်ပြခဲ့ကြရာဝန်ကြီးက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန့်ဇင်က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုပြုလုပ်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားခဲ့ပြီး ပြုလုပ်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား‌များနှင့် ထောက်ပံ့‌ငွေများအား တာဝန်ရှိသူများ ပေးအပ်ခဲ့သည်။

ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် ဝါးချောင်းကျေးရွာနှင့် လဲဝါပြင်ကျေးရွာတို့ရှိ အခြေခံပညာကျောင်းများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများသို့ သွားရောက်ကြည့်ရှုခဲ့ကြကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)