ချောက် အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေးကြီး တွင်မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများ၊ စျေးတာဝန်ခံဦးရဲကြည်ဆွေနှင့် စျေးကော်မတီဝင်များ၊ စျေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့မဈေးကြီး၌ DCP မီးသတ်ဆေးဘူးအား အသုံးပြုရရှိမှုရှိမရှိစစ်ဆေးခြင်း၊ အပေါ့စား မီးငြိမ်းသတ်စက်တို့၏ စက်ကြံခိုင်ကောင်းမွန်မှု ရှိ/မရှိစစ်ဆေးခြင်း၊ မြို့မစျေးအတွင်းရေဂါလံ(၂၇၀၀)ဆံ မြေအောက်ရေကန်(၂)ကန်နှင့် ဆက်သွယ်တပ်ဆင်ထားသည့် ရေပိုက်များ အားမီးသတ်စက်များဖြင့် ရေစုပ်ပက်ဖြန်း စမ်းသပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး မီးလောင်လွယ်ကူသည့်အမှိုက်သရိုက်နှင့် မိုးကာအစုတ်အပြဲများအား ရှင်းလင်းဖယ်ရှားခြင်း၊ လျှပ်စစ်မိန်း ခုံနှင့်လျှပ်စစ်ဝါယာကြိုးများနှင့် လျှပ်စစ်ပစ္စည်းများ ဟောင်းနွမ်းဆွေးမြေ့မှုမရှိစေရေး၊ ဈေးသိမ်း/ဈေးပိတ်ချိန်များတွင် လျှပ်စစ်မိန်းချထားရေး၊ မလိုအပ်သည့်စွန့်ပစ်ပစ္စည်းများသို လှောင်ထားမှုမရှိစေရေး၊ရောင်းချကုန်ပစ္စည်းများသာ ထားရှိရေးတို့အား မြို့နယ်မီးဘေးလုံခြုံရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးလွင်က လိုအပ်သည်များကိုလမ်းညွှန် မှာကြားအကြံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)