ထားဝယ်မြို့၌ ယူရီးယား(Urea)ဓာတ်မြေဩဇာစျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ထားဝယ် အောက်တိုဘာ ၁၁

၂၀၂၅ ခုနှစ်၊ မိုးရာသီမိုးစပါးမျိုး‌စေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ယူရီးယား(Urea) ဓာတ်မြေဩဇာစျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ထားဝယ်ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ဇေယျက နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် ဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထားဝယ်မြို့နယ်အတွင်းတောင်သူများ အနေဖြင့်မိုးစပါးအပြင် ဆောင်းသီးနှံ(မတ်ပဲ)ကို တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ဧကအထွက်နှုန်းတိုး၍ မိသားစုစားဝတ်နေရေးအတွက်ဝင်ငွေရရှိပြီး တစ်ဖက်တစ်လမ်းမှ အထောက်အကူနိုင်ကြောင်းပြောကြားပြီး မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနမှ ဆောင်ရွက်ပေး လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းက မိုးရာသီမိုးစပါးမျိုး‌စေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ် ကွက်နှင့်မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား(စတုတ္ထအကြိမ်) ယူရီးယား(Urea) ဓာတ်မြေဩဇာများ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးရခြင်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး ရေရှည်အကျိုးပြုနိုင်သည့်သဘာဝမြေဩဇာများကို စနစ်တကျ ထည့်သွင်း အသုံးပြုကြရန်လိုအပ် ကြောင်းပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက တောင်သူများအားယူရီးယားဓာတ်မြေဩဇာများပေးအပ်ပြီး တောင်သူများက  သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာအချိန်ကိုက် အချိုးကျထည့်သွင်းခြင်း ကွင်းသရုပ်ပြနေမှုအား ကြည့်ရှုအားပေးသည်။

ထားဝယ်မြို့နယ်အတွင်းရှိ ၂၀၂၅ ခုနှစ်၊ မိုးရာသီမိုးစပါးမျိုး‌စေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာတစ်အိတ်လျှင်(4600)ကျပ်နှုန်းဖြင့် စုစုပေါင်း (540) အိတ်ကို ကျောက်မော်ရပ်ကွက်၊ ဇဟာကျေးရွာ၊ သပြေချောင်းကျေးရွာ၊ ပေါက်တိုင်းကျေးရွာ၊ ရှမ္မတွင်းကျေးရွာအုပ်စုများရှိ တောင်သူများအား စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းထံမှ သိရသည်။

ငွေဇင်ယော်(ထားဝယ်)