လွိုင်ကော် အောက်တိုဘာ ၁၁
ကယားပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ဒုတိယအကြိမ် မဲစာရင်းများ ပြန်လည်ထုတ်ပြန်သည့်အခါ မှန်ကန်သည့် မဲစာရင်းများ ဖြစ်စေရန် ဌာနဆိုင်ရာအချင်းချင်း ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ယခုအစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းသည် အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်ပြီး မဲပေးနိုင်ရေး ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြေပြင်စာရင်းကောက်ယူရေးနှင့် လူဦးရေစာရင်းများ မှန်ကန်ပြည့်စုံရေးအတွက် မြေပြင်စာရင်း ကောက်ယူရာတွင် လုပ်ငန်းထိရောက် အောင်မြင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များသည် အဓိကကျ၍ အမျိုးသားရေးတာဝန်ဖြင့် ခံယူလုပ်ဆောင်ကြရန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းလုပ်ဆောင်သွားရန်လိုကြောင်း၊ လက်ရှိလုပ်ဆောင်ရမည့် လုပ်ငန်းများကို ပြည့်စုံမှန်ကန်မှုရှိရန် ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် မမှားသင့်သည့် အမှာမျိုး မဖြစ်ပွားစေရေး အလေးထားစနစ်တကျ လုပ်ဆောင်သွားကြရန်နှင့် လုံခြုံရေးကဏ္ဍအတွက်လည်း ဂရုပြုဆောင်ရွက်သွားကြရန် စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီ တွဲဖက်အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန့်ဇင်က မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေးမှုအခြေအနေများ၊ ပြည်နယ်အတွင်း အတည်ပြု လူဦးရေစာရင်း မြေပြင်ကွင်းဆင်းစိစစ်ခြင်း လုပ်ငန်းအခြေအနေများ၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာထားရှိမှုနှင့် ပြည်သူများလာရောက် ကြည့်ရှုမှုအခြေအနေများ၊ ကြိုတင်မဲ၊ မဲစာရင်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက မြေပြင်ကွင်းဆင်းအဖွဲ့များအား စနစ်တကျ ဖွဲ့စည်းပြီးဖြစ်၍ စနစ်တကျ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ ပြည်သူများသို့ ထိရောက်သော အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် ကြီးကြပ်မှု ကော်မတီဝင်များက လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြသည်။
ဆက်လက်၍ ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြာခဲ့ပြီး လုပ်ငန်းများ အောင်မြင်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)