ဘားအံ အောက်တိုဘာ ၁၁
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ တောင်ကလေးတိုးချဲ့မြို့ပြအိမ်စီမံကိန်းဧရိယာအတွင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တောင်ကလေးစုပေါင်း ဝန်ထမ်းအိမ်ရာစခန်း၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ် ၁၁၄၄ ဒဿမ ၄၀၀ သန်း ဖြင့် Aung Si Taw Co.,Ltd မှ တာဝန်ယူတည်ဆောက်သော ၄ ခန်းတွဲ ၅ ထပ်ဝန်ထမ်းအိမ်ရာ တစ်လုံးတည်ဆောက်ရေးလုပ်ငန်းနှင့် ပြည်နယ်ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ် ၁၁၄၄ ဒဿမ ၄၀၀ သန်း ဖြင့် Maw Pha Maw Kun Co.,Ltd တာဝန်ယူတည်ဆောက်သော ၄ ခန်းတွဲ ၅ ထပ် ဝန်ထမ်းအိမ်ရာ တစ်လုံး တည်ဆောက်ရေးလုပ်ငန်းတို့ကို ကြည်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီနှင့် မြို့ပြနှင့်အိရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ၆၀ ရာခိုင်နှုန်းကျော်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်းကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း အကွက်အမှတ်(၁၂)ရှိ ဘားအံမြို့နယ်၊ သစ်တောဦးစီးဌာနပိုင် မြေနေရာ(၄)ဧကအတွင်း ဂါလံ(၂၄၀၀)ဆံ့အမြင့်တင်ကွန်ကရစ်ရေစင်တစ်လုံး တည်ဆောက်နေမှု၊ ပျိုးအိတ် ၅၀၀၀၀ ဆံ့ အလျား ၇၇ ပေ x အနံ ၆၈ ပေ ရှိ အမြဲတမ်းပျိုးဥယျာဉ်(၄)စင်ဆောင်ရွက်နေမှုနှင့် လာမည့်ဘဏ္ဍာနှစ်များတွင် ဆောင်ရွက်မည့် ဝန်ထမ်းအိမ်ရာ RC တစ်လုံးတည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၏ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ တာဝန်ရှိသူများအာ လိုအပ်သည်များမှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း ဧရိယာအတွင်းရှိ စည်ပင်သာယာရေးအဖွဲ့၏ တောင်ကလေးအမှိုက်စွန့်ပစ်မြေနေရာ (မြေဧရိယာ ၂ ဒဿမ ၆ ဧက)အမှိုက်ကန် ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူက တစ်နေ့စွန့်ပစ်တန်ချိန်၊ အမှိုက်များထုထည်လျော့ကျစေရန်၊ ပြန်လည်အသုံးပြုနိုင်သော စွန့်ပစ်ပစ္စည်းရွေးချယ်နိုင်ရန်နှင့် အမှိုက်များစနစ်တကျစီမံခန့်ခွဲမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးစောကျော်ဝင်းက တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာ စီမံကိန်းဧရိယာအတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ လိုအပ်သည် များမှာကြားခဲ့သည်၊
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှာကမြင်ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပထမအကြိမ်မဲစာရင်းကပ်ထားကြေညာမှုအား အများပြည်သူလာရောက်ကြည့်ရှုမှုနေမှု၊ မဲစာရင်းတွင်မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းတောင်းဆိုနိုင်ရေး၊ မဲစာရင်းတွင်မပါဝင်သင့်သူများတွေ့ရှိပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ရေး၊ မဲစာရင်းပါအချက်အလက်များမှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ရေးတို့ အတွက် လိုအပ်သောပုံစံများအား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မဲစာရင်းကပ်ထားကြေညာမှုနှင့် လိုအပ်သောပုံစံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာဦးစီးဌာန လှာကမြင်အားကစားကွင်း ဇွဲကပင်အားကစားရုံ (၂၀၀ ပေ x ၁၃၀ ပေ) အဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိတည်ဆောက်သည့် ဒီဇိုင်းမန္တလေးကုမ္ပဏီမှတာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အမြန်ဆုံးပြီးစီးနိုင်ရေး တွန်းအားပေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
 
    