ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ် မိုးမြေပဲ ၁၇၇၂ ဧက ရိတ်သိမ်းပြီး ၁၂၇၀၈၈ တင်းထွက်ရှိ

ပေါက်ခေါင်း အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မိုးသီးနှံတစ်မျိုးဖြစ်သော မိုးမြေပဲကို ၁၅၃၄၃ ဧက စိုက်ပျိုးခဲ့ရာ ၁၇၇၂ ဧက ရိတ်သိမ်းပြီးဖြစ်၍ ၁၂၇၀၈၈ တင်း ထွက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအနေဖြင့် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော မိုးမြေပဲကို စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဧကပေါင်း ၁၅၃၄၃ ဧက လျာထားစိုက်ပျိုးပြီးစီးပြီဖြစ်၍ ၁၇၂၂ ဧကကိုရိတ်သိမ်းခဲ့ရာ ၁၂၇၀၈၈ တင်း ထွက်ရှိ၍ ယခင်နှစ်ကထပ် အထက်နှုန်းကောင်းမွန်ကြောင်း ဝက်တိုးကျေးရွာမှ မြေပဲစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

မိုးမြေပဲအထွက်နှုန်းကောင်းခြင်းဖြင့် ဒေသတွင်းစားသုံးဆီထုတ်လုပ်မှု ပိုမိုအဆင်ပြေစေပြီး ထိုသို့ အထွက်နှုန်းကောင်းမွန်သော မြေပဲမျိုးကောင်းမျိုးသန့်များ ရရှိရေးနှင့် မြေပဲစိုက်ပျိုးရာတွင် ထိရောက်လွယ်ကူ အဆင်ပြေစေသော စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ အထူးအလေးပေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)