ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲလွမ်း ၃၂၃၃ ဧက စိုက်ပျိုးမည်

ပွင့်ဖြူ   အောက်တိုဘာ  ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲလွမ်းသီးနှံ ၃၂၃၃ ဧက လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲလွမ်းသီးနှံ ၃၂၃၃ ဧက စိုက်ပျိုးရန် လျာထားပြီး ဒေသခံတောင်သူများက သတ်မှတ်လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန် ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးသွားမည်ဖြစ်ကာ တောင်သူများ ပဲလွမ်းသီးနှံ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးသွားနိုင်ရန်အတွက် လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများ၊ ဒေသနဲ့ ကိုက်ညီပြီး အထွက်နှုန်းကောင်းသောမျိုးများ စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ် ဆောင်းရာသီ ပွင့်ဖြူမြို့နယ်မှာ ပဲလွမ်းသီးနှံ ၃၂၃၃ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ သတ်မှတ် စိုက်ဧက ပြည့်မီဖို့နဲ့ သီးနှံအထွက်နှုန်းများ တိုးတက်စေဖို့အတွက် တောင်သူတွေကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်သွားမှာပါ။ ပဲလွမ်းသီးနှံစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး ဒေသနဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင်၊ စိုက်နည်းစနစ်များ မှန်ကန်ပြီး သွင်းအားစုပစ္စည်းတွေ စနစ်တကျ သုံးစွဲကြဖို့ အသိပညာပေးလုပ်ငန်းတွေ ကူညီဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုး နိုင်အောင်လဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံဝင်ငွေတိုးပွားစေရန် အတွက် ဈေးကွက်ရှိသည့် ပဲလွမ်းသီးနှံ စိုက်ပျိုးရေးကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ယခုနှစ် ပဲလွမ်းစိုက်ပျိုး တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သီးနှံအထွက်နှုန်း တိုးတက်စေရန်အတွက် အထွက်နှုန်းကောင်းသောမျိုးများ ရရှိရေး၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါ ကင်းရှင်းရေး၊ စိုက်ပျိုးရေစနစ်တကျ သုံးစွဲရေး စသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ပဲလွမ်းကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့် အပြင် ပိုလျှံမှုကို ရောင်းချခြင်းဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ပဲလွမ်းကို ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ ထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)