ကျိုက်လတ် အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့်အဖွဲ့ဝင်များက ရွေးကောက်ပွဲမတိုင်မီ ကြိုတင် ပြင်ဆင်ရမည့်အချက်များ၊ ရွေးကောက်ပွဲကာလအတွင်း ဆောင်ရွက်ရမည့်အချက်များ၊ မဲပေးပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မဲစာရင်းနှင့် လူဦးရေစာရင်းများကို မှန်ကန်မှုရှိစေရေး၊ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကိစ္စများအတွက် ဆောင်ရွက်ထားရှိမည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်