လွိုင်ကော် အောက်တိုဘာ ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(လွိုင်ကော်)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက်က အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်း နည်းပြဆရာမများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များအား အခြေခံ၊ အဆင့်မြင့် ပညာရပ်များ သင်ကြားလေ့ကျင့်ပေးပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ အမျိုးသမီးငယ်များကို အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာများ သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန်ဟူသော ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် တတ်မြောက်လာသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို လက်တွေ့အသုံးချ၍ မိမိတို့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်း၌ ထူးချွန်ဆုရရှိသည့် ဒီးမော့ဆိုမြို့နယ်မှ သင်တန်းသူ တစ်ဦးအား အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများအား ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက် ၍ သင်တန်းကျောင်းအုပ်ကြီးမှ သင်တန်းဆင်းအောင်လက်မှတ်များကို သင်တန်းသား ကိုယ်စားလှယ်တစ်ဦးသို့ ပေးအပ်ခဲ့ပြီး သင်တန်းကျောင်းဆိုင်ရာအချက်အလက်များနှင့် သင်တန်းကာလအတွင်း သင်တန်းသူများ၏ သင်ကြားသင်ယူမှုနှင့် ပြင်ပဗဟုသုတရရှိစေရေး ဆောင်ရွက်ပေးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး သင်တန်းသူများ၏ အိမ်တွင်းမှုလက်ရာများ ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအား ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့ အထိ ၂၂ ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ကာ စက်ချုပ်ဘာသာရပ် ၂၀ မျိုး၊ လက်မှုပညာဘာသာရပ် ၈ မျိုး၊ မုန့်လုပ်နည်းဘာသာရပ် ၅ မျိုး၊ ရှေးဦးသူနာပြုစုနည်းများ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းများ ပို့ချခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)