တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုပြီး ရင်ပြင်တော်တိုးချဲ့ ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ပုသိမ်   အောက်တိုဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အောက်တိုဘာ ၉ ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့်   မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီ တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ရင်ပြင်တော်တိုးချဲ့ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုကာ ဆံတော်ရှင်မြတ်မော်တင် စေတီတော်မြတ်ကြီး၏အနီးကပ်ကြီးကြပ် ဩဝါဒါစရိယ၊ ငပုတောမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မြတ်မော်တင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသုဇာတအား ဖူးမြော်ကြည်ညိုခဲ့ပြီး ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ရင်ပြင်တော်တိုးချဲ့ဆောင်ရွက် ပြီးစီးမှုများ၊ စေတီတော်ရင်ပြင် အနှုတ် ၁၂ ပေ တည်ဆောက်ပြီးစီးမှုများ၊  တောင်ဘက် အာရုံခံတန်ဆောင်း တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ အနောက်ဘက် အာရုံခံတန်ဆောင်း တည်ဆောက်နေမှုအခြေအနေများ၊ ဝေဇယန္တာဓမ္မာရုံ၌ထားရှိသော Solar စနစ်ဖြင့် မီးပေးနေမှု အခြေအနေများ၊ သာသနာ့ဝံသ ကျောင်း ဆောင် သာသနာ့ဗိမာန်တော်တည်ဆောက်နေမှုများကို  ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီဆောင်ရွက်ရေး၊ မြန်မာမှုလက်ရာများ ပေါ်လွင်ပြီး သေသပ်ကောင်းမွန်စွာဖြင့် ရေရှည်ခံနိုင်ရေး၊ စေတီတော်ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ စေတီတော်ရင်ပြင် သန့်ရှင်းရေးများနေ့စဉ်ဆောင်ရွက်ရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့် သာသနိက အဆောက်အဦများ ရေရှည်တည်တံ့စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်ကုန်းမြေအောက်ခြေ အားပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန် ဆောင်ရွက်ထားသည့် ကျောက်စီလှိုင်းကာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကျောက်စီလှိုင်းကာ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရေဆင်း မြောင်းများဆောင်ရွက်သင့်သည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က စေတီတော်ကြီးတည်ထားရာ ကုန်းမြေအား ပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှ ကာကွယ်ရန်လိုအပ်သည့်နေရာများတွင်လည်း တစ်ဆက်စပ်တည်းဆက်လက်ဆောင်ရွက်ရန်နှင့်  လိုအပ်သည့်ရေဆင်းစနစ်များဆက်လက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ အနေကဇာတင်ဆောင်တွင် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းနှင့် သာသနိကအဆောက်အဦများ အပြီးသတ်တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့အောင်လည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တည်ဆောက်ထားသည့် သာသနိကအဆောက်အဦများ ရေရှည်တည်တံ့အောင် အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်သန့်ရှင်းရေးကိုလည်း နေ့စဉ် အစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မှသာ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးကြည်ညိုနိုင်မည်ဖြစ်ပါကြောင်း၊ စေတီတော်မြတ်ကြီး၏ ကုန်းတော်အား ပန်းပေါင်းစုံဖြင့် စိမ်းလန်းစိုပြည်စေရေးကိုလည်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားကြရန်နှင့် Green Zoneများ ဖော်ဆောင်ခြင်းဖြင့်လည်း ခရီးသွားများအားဆွဲဆောင်ကြရမည် ဖြစ်ပါကြောင်း ပြောကြားပြီး ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊ ကံချိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ (၁၄၀ပေ၃၀ပေ) RCC နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု၊ ခမောက်မော်ကျေးရွာ အခြေခံပညာ မူလတန်း လွန်ကျောင်း၌ (၁၄၀ပေ၃၀ပေ)RCC တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု၊ ကျောက်ချောင်းကျေးရွာအခြေခံပညာအထက်တန်း ကျောင်း၌ (၁၃၀ပေ၃၀ပေ)RCC နှစ်ထပ် ကျောင်းဆောင်သစ်နှင့် (၉၀ပေ ၃၀ပေ)RCCတစ်ထပ် ဝန်ထမ်းအိမ်ယာအသစ် ဆောက်လုပ် နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ပြီး  အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီး စေရေးအတွက် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ လူအင်အား၊ စက်အင်အားဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ယင်းနောက် တိုင်းဒေကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ချောင်းကျေးရွာ တိုက်နယ်ဆေးရုံသို့သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို ကြည့်ရှုခဲ့ပြီး ဆေးတက်ရောက်ကုသနေသည့် လူနာများအား အားပေးစကားများပြောကြားခဲ့ကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ဆေးရုံအတွက် လိုအပ်သည့်ဆေးဝါးများကို ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊ အဏ္ဏဝါကမ်းခြေ တွင်ပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ မိုးရာသီအုန်းပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများကျရောက်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မြေပြိုခြင်း စသည့်မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးဆိုးအန္တရာယ်တွေကို အမြဲလိုလို ရင်ဆိုင်နေကြရပါကြောင်း၊ ထို့ကြောင့် သစ်တောများအပါအဝင် သဘာဝသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ကာ ရေရှည် တည်တံ့စေခြင်းအားဖြင့် အန္တရာယ်ဆိုးများကို ကာကွယ်နိုင်ရုံသာမက နောင်အနာဂတ် နောင်လာနောင်သားများအတွက် အမွေအနှစ်ကောင်းများ ချန်ရစ်ထားပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကမ်းရိုးတန်းဒေသများတွင် အုန်းပင်တန်းများ စိုက်ပျိုးထားခြင်းသည် သဘာဝအကာအကွယ် အဖြစ် မုန်တိုင်းဒဏ်နှင့်လှိုင်းဒဏ်ကို တားဆီးပေးခြင်းဖြစ်သဖြင့် ဒေသခံပြည်သူများအနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန်  တက်ညီလက်ညီနှင့် စိတ်ပါဝင်စား မှုရှိစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုပါကြောင်း တိုက်တွန်းအမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်၍ အုန်းပင်စိုက်ပျိုးပေးခဲ့ပြီး ဒေသခံပြည်သူများ စုပေါင်း၍အုန်းပင် (၄)ထောင်ကျော် စိုက်ပျိုးနေမှုများကို  ကြည့်ရှုအားပေး ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၅ ခုနှစ်၊ မိုးရာသီဒီရေတောသစ်ပင်၊ လမုပင်နှင့် ဗြူးအုပ်ဆောင်း(၅၀၀)ပင်အား ဆက်လက် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်း ပြန်/ဆက်