ရွှေသောင်ယံကမ်းခြေတွင် မျှင်အုပ်များတွေ့ရှိ၍ မျှင်ကွန်ပြစ်သမားများအလုပ်ဖြစ်လာ

ရွှေသောင်ယံ အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ကမ်းခြေတစ်လျှောက်တွင် ယခုရက်ပိုင်းအတွင်း မျှင်အုပ်များတွေ့ရှိ၍ မျှင်ငပိများရရှိရန်မျှင်ရှာဖွေကြသူများ အလုပ်ဖြစ်လျက်ရှိသည်။

ရွှေသောင်ယံကမ်းခြေတစ်လျှောက်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ မျှင်များ အနည်းငယ်စီရရှိကြပြီး ယခုအောက်တိုဘာလဆန်းပိုင်းတွင် မျှင်အုပ်များအများအပြား တွေ့ရှိလာကြသဖြင့် ကမ်းခြေတစ်​လျှောက်တွင် မျှင်ကွန်ပြစ်သမားများမှာ တစ်နေ့ပြစ်လျှင် နှစ်အိတ်၊  သုံးအိတ်၊ ငါးအိတ်စသည်ဖြင့် မျှင်အုပ်များအား တွေ့ရှိသည့် အပေါ်မူတည်၍ ရရှိကြသည့်အတွက် ယခုလိုကမ်းခြေသို့မျှင်တက်သည့်ရာသီ၌ မျှင်ရှာဖွေ၍ မျှင်ငပိပြုလုပ် ရောင်းချသူများ အလုပ်ဖြစ်အဆင်ပြေကြကြောင်း သိရသည်။

ယခုအချိန်သည် မျှင်ငပိများပေါ်ဦးပေါ်ဖျား ရာသီဖြစ်သည့်အတွက် ရွှေသောင်ယံတွင် မျှင်ငပိပေါက်စျေးတပိဿာလျှင် (၂၅၀၀၀) ကျပ် ပေါက်စျေးရှိနေပြီး မျှင်ငပိများ လှိုင်လှိုင် ပေါ်သည့်အခါ စျေးကျလာနိုင်ကြောင်း မျှင်ငပိပြုလုပ်ရောင်းချသူများထံမှ သိရသည်။

ကိုကိုမောင်