လွိုင်ကော် အောက်တိုဘာ ၁၀
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမရှေ့၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်း သား ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ရေး” ဆိုသည့်အချက်အား ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ ဆန္ဒမဲပေးပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရေးအတွက်ကိုလည်း အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ဒီမိုကရေစီအခြေခံအုတ်မြစ် တောင့်တင်း ခိုင်မာစေရေးအတွက် မပျက်မကွက် ပါဝင်ဆန္ဒမဲပေးကြရန်နှင့် နိုင်ငံ့အကျိုး၊ မိမိတို့ပြည်နယ် အကျိုးနှင့်ပြည်နယ်သူ၊ ပြည်နယ်သားများအကျိုးကို ထမ်းရွက်နိုင်သည့် အရည်အချင်းပြည့်ဝသော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို အဂတိတရားကင်းရှင်းစွာဖြင့် ရွေးချယ်ကြရန်လိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဥက္ကဋ္ဌတို့က ရွေးကောက်ပွဲနှိုးဆော်အသိပညာပေး မြေစိုက်ပိုစတာအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။
ထို့နောက် အ.ထ.က(၁)ဘင်ခရာအဖွဲ့နှင့် အထက(၅)နှင့် အထက(ခွဲ)လောဓမ္မကျောင်း ပန်းပွားအကအဖွဲ့တို့၏ တီးမှုတ်ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ ကိုယ်စားလှယ် အသီးသီးက လက်ခံရယူ ခဲ့ကြသည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာများအား လွိုင်ကော်မြို့နယ်ခန်းမရှေ့၊ သီရိမင်္ဂလာဈေးနှင့် နောင်ယားကန်သာစသည့် လူစည်ကားရာ နေရာများတွင် စိုက်ထူထားရှိမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)