နတ်မောက် အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာများကို ဒေသခံတောင်သူများအနေဖြင့် တစ်နှစ်ပတ်လုံးစိုက်ပျိုးကြသည့်အလျောက် အဆိုပါ ဆီထွက်သီးနှံများကို ကြိတ်ခွဲပေးကြသည့် တစ်ပိုင်တစ်နိုင် ဆီကြိတ်စက်လုပ်ငန်းများ ဝင်ငွေကောင်း၍ မိသားစုလုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ နတ်မောက်မြို့နယ် ဒေသခံတောင်သူတွေက ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ၊ နေကြာတွေကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုလိုသီးနှံပေါ်ချိန်တွေမှာဆိုရင် ဆီသန့်သန့်စားသုံးတဲ့ ပြည်သူများကို တော့တစ်ပိုင်တစ်နိုင်ဆီကြိတ်ခွဲရောင်းချပေးပါတယ်၊ မိမိမြေပဲ၊ နှမ်းနဲ့လာရောက်ကြိတ်ခွဲလျှင် လုပ်အားခအဖြစ် မြေပဲ၊ နှမ်း တစ်တင်းလျှင် ငွေကျပ် (၇၅၀၀)နှုန်း ယူပါတယ်၊ မြေပဲဖတ်၊ နှမ်းဖတ်များကိုလည်း ပြန်လည်ဝယ်ယူပေးပါတယ်၊ မိမိမြေပဲ၊ နှမ်းများဖြင့် လာရောက်ဆီကြိတ်တော့ ဆီသန့်သန့်စားရတဲ့အပြင် ကျန်းမာရေးအတွက်လည်းကောင်းပါတယ်၊ အခြားဆီရောင်းတဲ့ဆိုင်တွေမှာဆို နှမ်းဆီတစ်ပိဿာ (၁၄၀၀၀) ကျပ်နှုန်းနှင့် မြေပဲဆီတစ်ပိဿာကို (၁၆၀၀၀) ကျပ်နှုန်းပေးရသည့်အတွက် မိမိမြေပဲ၊ နှမ်းကို ဆီကြိတ်စားရတော့ အပိုငွေလည်း မထွက်သည့်အပြင် ကျွန်တော်တို့လို တစ်ပိုင်တစ်နိုင်မြေပဲဆီ၊ နှမ်းဆီကြိတ်ခွဲစက်ထောင်းထားတဲ့ သူတွေလည်း လုပ်ငန်းများလုပ်ရတဲ့အတွက်ကြောင့် မိသားစု လုပ်ငန်းလည်ပတ်နိုင်သလို ဝင်ငွေလည်းရတာပေါ့ဗျာ”ဟု နတ်မောက်မြို့ပေါ်ရှိ မြို့မရပ်ကွက်နေ ဆီကြိတ်ခွဲစက်ပိုင်ရှင်တစ်ဦးကပြောသည်။
လှဝင်း