လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး‌ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

လိပ်သို အောက်တိုဘာ ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို  စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်  နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃(အင်အားပြ) နော်ဖလောရင်းဟန်က အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ စာဖတ်ခြင်းသည် အာရုံစူးစိုက်မှုအားကောင်းလာခြင်း၊ ဦးနှောက်၏ မှတ်မိနိုင်စွမ်းရည်ကို တိုးမြင့်လာစေခြင်း၊ လူအများနှင့် စကားပြောဆိုဆက်ဆံရာတွင် လူစိတ်ဝင်စားအောင်ပြောဆိုနိုင်ခြင်း၊ အသိပညာဗဟုသုတများ ပြန်လည်မျှဝေနိုင်ခြင်း စသည့် ဘဝအတွက်ကောင်းကျိုးအခွင့်အလမ်းများကို ဆောင်ကြဉ်းပေးကြောင်း၊ အသိပညာဗဟုသုတ ကြီးမားကျယ်ပြန့်ရန်အတွက် အကောင်းဆုံးနှင့် အလွယ်ဆုံးနည်းလမ်းမှာ စာပေဖတ်ရှုမှတ်သားခြင်းပင်ဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်များဖြစ်သော လူငယ်လူရွယ်များအနေဖြင့် နိုင်ငံနှင့် လူမျိုးအကျိုး စွမ်းဆောင်နိုင်သူများ ဖြစ်လာစေရန်အတွက် စာကောင်းပေမွန်များ လေ့လာဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်သင့်ကြောင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးပြောကြားခဲ့သည်။

ဟောပြောပွဲအပြီးတွင်  “အသိပညာဗဟုသုတကြွယ်၀ဖို့ စာအုပ်စာပေဖတ်ကြစို့” အသိပညာပေးနံရံကပ်စာစောင်အား ပြသခဲ့ရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သား၍ သိရှိလိုသည်များအား မေးမြန်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)