ပဲခူး အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီးအစိုးရဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ အောက်တိုဘာ၈ရက် နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ၏ ဦးတည်ချက်(၄)ရပ်အနက် နောက်ဆုံးအချက်ဖြစ်သည့် “ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ လုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး” ဟု ပါရှိသဖြင့် အစိုးရအဖွဲ့အနေဖြင့် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း၊ မြို့နယ်အလိုက် မဲရုံလျာထားသတ်မှတ်ချက်များအတိုင်း လုံခြုံရေးစီမံချက်များ စနစ်တကျရေးဆွဲထားရန်နှင့် မဲစာရင်းများအား ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အများပြည်သူ သိရှိစေရေးကြေညာဘုတ်ကပ်ရာတွင် ဖျက်ဆီးခံရမှုမရှိစေရေး အလေးထားဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်စာရင်းများ ထုတ်ပြန်ကြေညာပြီးပါက မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း ဆောင်ရွက်ရမည့်အပိုင်းလိုက် လုံခြုံရေးဆိုင်ရာကိစ္စများကိုလည်း ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ ပထမအကြိမ်မဲစာရင်းအား ကြေညာပြီးစီးပြီဖြစ်၍ ဒုတိယအကြိမ်မဲစာရင်း ထပ်မံမကြေညာမီ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ကျန်ရှိမှုမရှိစေရေး ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး သတ်မှတ်ပုံစံများ ဖြည့်စွက်မှု မှန်ကန်စေရေး အားလုံးပေါင်းစပ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မဲစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိမှု အခြေအနေကိုလည်းကောင်း၊ တိုင်းဒေသကြီးလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့မှု အခြေအနေများကိုလည်းကောင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူးက မြို့နယ်အလိုက် မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပဲခူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးမြို့၊ မြို့သစ်ရပ်ကွက်၊ မြို့မဈေးကြီးနှင့် အမှတ်(၂)ရပ်ကွက်များသို့ သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းလာရောက် ကြည့်ရှုနေမှုနှင့် မဲပေးစက်အသုံးပြုပုံသရုပ်ပြခြင်းတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ဥပဒေနှင့်အညီဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင်ပါရှိနိုင်ရေးနှင့် မဲစာရင်းကျန်ရှိမှု မရှိစေရေး အလေးထားဆောင်ရွက်ရန်တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)