(၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုကို မြန်မာနိုင်ငံကိုယ်စားပြု ဘားအံမြို့ရရှိ

ဘားအံ အောက်တိုဘာ ၈

အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာရှေရှည်တည်တံ့သောမြို့ကြီးများလုပ်ငန်းအဖွဲ့ (ASEAN Working Group on Environmentally Sustainable Cities- AWGESC) မှ ၂၀၀၈ ခုနှစ်မှစ၍ သုံးနှစ်လျှင်တစ်ကြိမ်စိစစ်ရွေးချယ်လျက်ရှိသော ၂၀၂၅ ခုနှစ်အတွက် (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုကို မြန်မာနိုင်ငံကိုယ်စားပြု ဘားအံမြို့ရရှိခဲ့ပြီး အဆိုပါဆုအား ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြို့တော်ပတ်ဝန်းကျင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး သန့်ရှင်းသောရေ၊ သန့်ရှင်းသောလေ၊ သန့်ရှင်းသောမြေ ဖြစ်စေရေး ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် အစဉ်အမြဲ စိမ်းလန်းစိုပြည်စေရေးအတွက် အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျန်းမာ၍ဘေးအန္တရာယ်ကင်းရှင်းသော ပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်ပေးနိုင်ပြီး ကမ္ဘာလှည့်ခရီး သွားများအား ဆွဲဆောင်လာနိုင်ခြင်းစသည့် အကျိုးရလဒ်များအပြင် သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်ကောင်းတစ်ခုကိုလည်း ရရှိလာနိုင်စေမည်ဖြစ်ကြောင်း၊ ပြည်နယ်အနေဖြင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ပိုမိုဖြစ်ထွန်း ပေါ်ပေါက်လာစေရေး မြို့၊ ရွာ၊ လမ်းများအား သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ပေးကြစေလို ပြီး ခရီးစဉ်ဒေသများတွင်ရှိသည့် သဘာဝဂေဟစနစ်များကို ထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ထံ (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းက အပ်နှင်းပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆု တံဆိပ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များနှင့် ဧည့်ပရိတ်သတ်များက ဆုရဗီဒီယိုအား အတူတကွကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် အောက်တိုဘာလကျောင်းပိတ်ရက်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့်အခြေခံပညာတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံပညာကျောင်းသား၊ကျောင်းသူများအတွက် ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးတက်ရောက်အမှာစကားပြောကြားပြီး အခြေခံပညာကျောင်းပေါင်းစုံရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအတွက် ငွေကျပ် ၈၆၂၅၀၀ဝ ကို ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးဦးစသိန်းကျော်ထံ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ကရင်ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက အခြေခံပညာကျောင်းပေါင်းစုံရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဖွင့်လှစ်နိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ယနေ့ဖွင့်လှစ်သည့်သင်တန်းတွင် အခြေခံပညာအထက်တန်းဆင့်သင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၁၅၀ တက်ရောက်ကြပြီး နည်းပြ၊ကြီးကြပ်သူ ၂၀ ဖြင့် အောက်တိုဘာ ၈ ရက်မှ ၁၂ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်။

ခရိုင် (ပြန်/ဆက်)