မုံရွာ အောက်တိုဘာ ၈
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP)အမှတ်စဉ်(၂) မောင်မယ်သစ်လွင်ကြိုဆို ပွဲအခမ်းအနားကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ်ရှိ ပဉ္စဗလ ဘက်စုံခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပညာရေးကဏ္ဍသည် အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်အကောင်အထည်ဖော်ဆောက်ရွက်လျှက်ရှိပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် ဆရာ/ဆရာမတို့၏ လုပ်ငန်းတာဝန်သည် အလွန်ပင်အရေးကြီးသည့်အတွက် ခံယူချက်၊ ယုံကြည်ချက်ပြည့်ဝစွာဖြင့် သင်ကြားသင်ယူပြီး ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အားကြိုးမာန်တက်အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာပညာရေးဒီဂရီကောလိပ် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း(Dip.EP) အမှတ်စဉ်(၂)သင်တန်းသား/သင်တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၃,၀၀,၀၀၀နှင့် မုံရွာပညာရေးဒီဂရီကောလိပ်ရှိ သင်တန်းသား/သင်တန်းသူ ၂၁၂ ဦးအတွက် စားစရိတ် ငွေကျပ် ၉၈,၅၈,၀၀၀ တို့အား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာရေးဒီဂရီကောလိပ်အဆင့် လူရည်ခွန် မောင်ဇင်မျိုးအောင်ထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၃ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက မုံရွာပညာ ရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးထံ ငွေကျပ် ၁၀ သိန်းအား လည်းကောင်း၊ ပေးအပ်ချီးမြှင့်ကြပြီး မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် (Dip.EP)အမှတ်စဉ်(၂)သင်တန်းသူများက တေးသီချင်းများ၊ Fitness Dance တို့ဖြင့် ကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက ကပြ ဖျော်ဖြေကြသည့် သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၃ သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နေမှုများအား လိုက်လံကြည့်ရှုဖူးမျှော်ခဲ့ကြပြီး အဆိုပါ စေတီတော်ကြီးအတွင်းရှိ အာရုံခံတန်ဆောင်းအသစ်တည်ဆောက်ပြီးစီးမှုနှင့် သမိုင်းဝင်ရန်အောင်မြင်စေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုနှင့် ပြန်လည်မွန်းမံပြီးစီးမှုများအား လိုက်လံကြည့် ရှုဖူးမြော်ခဲ့ကြသည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၇ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့ချမ်းမြဝတီရပ်ကွက် မြေဧက ၃၂ ဧကကျော်ရှိ ပြည်သူ့ ဥယျာဉ်အတွင်းကျင်းပသည့် သီတင်းကျွတ်ပွဲတော်တွင် နိုင်ငံကျော်အဆိုတော်များ၏ ဧည့်ခံဖျော်ဖြေနေမှုများအား သွားရောက် ကြည့်ရှုအားပေးကာ အဆိုပါ ပြည်သူ့ဥယျဉ်အတွင်း မီးပုံးပျံအလုံး ၁၀၀၀ အား တပျော်တပါး လွှတ်တင်ခဲ့ကြပြီး မီးရှူးမီးပန်းများပစ်ဖောက်ခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်