လိပ်သိုမြို့၌  စုပေါင်းမဟာဘုံကထိန်‌သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

လိပ်သို       အောက်တိုဘာ     ၈

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ ရန်ကြီးအောင်ဘုန်းတော်ကြီးကျောင်း၌ နှစ်စဉ် ကျင်းပမြဲဖြစ်သည့် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို တပ်ရင်း/တပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် လိပ်သိုမြို့ခံ ဗုဒ္ဓဘာသာဝင်မိသားစုများစုပေါင်း၍ အောက်တိုဘာ ၇ ရက် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

စုပေါင်း မဟာဘုံကထိန်အတွက် တပ်ရင်း/တပ်ဖွဲ့၊ ဌာနဆိုင်ရာများ၏ ပဒေသာပင်များ၊  လိပ်သိုမြို့နေ ဗုဒ္ဓဘာသာဝင်များ စေတနာရှင်အလှူရှင်များ၏ ပဒေသာပင်များကို ရန်ကြီးအောင် ဘုန်းတော်ကြီးကျောင်း၌ စုရပ်ပြု၍ တောင်ငူ- လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်နှင့် မြို့ပေါ်/ရပ်ကွက် အတွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းကြရာ ရန်ကြီးအောင်ကျောင်းတိုက်ဆရာတော်မှ  ကထိန်အလှူရေစက်ချ အနုမောဒနာတရားဟောကြားတော်မူပြီး တက်ရောက်လာသော စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

နော်ဖလောရင်း