ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မိုးနှောင်းမိုးဖြင့် ဆီထွက်သီးနှံ ဆောင်းနှမ်းများ စတင်စိုက်ပျိုး

ပွင့်ဖြူ   အောက်တိုဘာ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက ဆီစားသုံးမှု ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် အောက်တိုဘာလ ပထမပတ်မှစပြီး မိုးနှောင်းမိုးဖြင့် ဆီထွက်သီးနှံ ဆောင်းနှမ်းများကို စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများထံမှ သိရသည်။  

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်း ဆီစားသုံးမှု ဖူလုံစေရေးအတွက် ဆီထွက်သီးနှံ နှမ်းစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၁၅၇၄၂ ဧက စိုက်ပျိုးရန် လျာထားပြီး ဒေသခံ တောင်သူများက သတ်မှတ်စိုက်ဧက ပြည့်မီစေရန် အောက်တိုဘာလ ပထမပတ်မှ စတင်၍ စိုက်ပျိုးလျက် ရှိကြောင်း၊ ဆောင်းနှမ်း စိုက်ပျိုးရာတွင် တောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများ တိုးတက်ကောင်းမွန်ရေးနှင့် မြေဩဇာနှင့် သွင်းအားစုများ မှန်မှန်ကန်ကန် သုံးစွဲတတ်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေက ဆီစားသုံးမှု ဖူလုံစေဖို့နဲ့ သီးနှံဝင်ငွေ တိုးပွားစေဖို့အတွက် အောက်တိုဘာ လဆန်းပိုင်းကစပြီး ဆီထွက်သီးနှံ နှမ်းစိုက်ပျိုးရေးကို ကြိုးပမ်း စိုက်ပျိုးနေကြပါတယ်။ ဆီထွက်သီးနှံ နှမ်းစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး တောင်သူတွေ အဆင်ပြေစွာ စိုက်ပျိုးနိုင်အောင်  စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းတွေက စိုက်ပျိုးရေးနည်းပညာတွေနဲ့ မျိုးကောင်း မျိုးသန့်တွေ စိုက်ပျိုးနိုင်အောင် ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်။ တောင်သူတွေ အဓိကစိုက်ပျိုးတဲ့ နှမ်းမျိုးတွေကတော့ စမုံနက်၊ သိပ္ပံနှမ်းနက်၊ နှမ်းဖြူ၊ ဆင်းရတနာ - ၄ စတဲ့ နှမ်းမျိုးတွေကို စိုက်ပျိုးကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောပြသည်။

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ နှမ်းစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အနေဖြင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ ဒေသနှင့်ကိုက်ညီသည့် အထွက်နှုန်းကောင်းသောမျိုးများ စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါအန္တရာယ် ကင်းရှင်းရေးတို့အတွက် စိုက်ပျိုးရေးနည်းပညာသင်တန်းများ၊ ဆွေးနွေးပွဲများပြုလုပ်ပေးခြင်း၊ လက်တွေ့ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ပေးခြင်းတို့ကို တောင်သူများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)