ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံ ၂၄၃၈ ဧက စိုက်ပျိုးမည်

ပွင့်ဖြူ အောက်တိုဘာ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံ ၂၄၃၈ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံ ၂၄၃၈ ဧက စိုက်ပျိုးရန် လျာထားပြီး အဆိုပါစားဖိုဆောင်သီးနှံ စိုက်ပျိုးမှုကို နိုဝင်ဘာလမှ စတင်စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူများ စားဖိုဆောင်သီးနှံ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက်လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာနှင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ချိတ်ဆက်၍ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားဖိုဆောင်သီးနှံ ၂၄၃၈ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ စားဖိုဆောင်သီးနှံ စိုက်ပျိုးတာနဲ့ ပတ်သက်ပြီး တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများ ကောင်းမွန်ရေး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သီးနှံများထွက်ရှိရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးနှင့် GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံအဖြစ် ခရမ်း၊ ကြက်ဟင်းခါး ၊ ပန်းဂေါ်ဖီ ၊ မုံညှင်းစိမ်း ၊ မုံလာဥဖြူ ၊ တိုင်တောင်ပဲသီး ၊ ကန်စွန်း ၊ ဘူး ၊ ဖရုံ ၊ သခွါး ၊ ငရုတ် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ စသည့် သီးနှံများကို စိုက်ပျိုးသွားမည်ဖြစ်ကာ အဆိုပါ စိုက်ပျိုးမည့် သီးနှံများ အောင်မြင်ဖြစ်ထွန်းမှုရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စားဖိုဆောင်သီးနှံကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သောကြောင့် စားဖိုဆောင်သီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )