ကမမောင်းမြို့၌ (၃၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်‌သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကမမောင်း အောက်တိုဘာ ၈

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အောင်သိဒ္ဓိကုန်း ကိုးနဝင်းဘုန်းတော်ကြီးကျောင်း၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို အောက်တိုဘာလ ၇ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့၌ အောက်တိုဘာလ (၇)ရက်၊ နံနက်(၇) နာရီအချိန်တွင် (၃၆)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်အတွက် ဌာနဆိုင်ရာများ၏ ပဒေသာပင်များ၊ ကမမောင်းမြို့အတွင်း ရပ်ကွက်များမှ ပဒေသာပင်များ၊ စျေးသူ၊ ဈေးသားများ၏ ပဒေသာပင်များ၊ လူမှုအဖွဲ့အစည်းများ အသီးသီးတို့၏ ပဒေသာပင်များကို မြို့အတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြကြောင်း သိရှိရသည်။

ဆက်လက်၍ မွန်းလွဲ(၁)နာရီအချိန်တွင် ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွှတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး ကမ်းနီကျောင်း ဆရာတော်ဦးဝိစာရထံမှ သရဏဂုံံ(၃)ပါးနှင့် ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်/ သံဃာတော် အရှင်သူမြတ်များမှ ချီးမြှင့်သည့် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ယင်းနောက် ကိုးနဝင်းကျောင်းဆရာတော်  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇမဟာထေရ်ကုသလထံ ကထိန်လျာမြတ်သင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ကမ်းနီကျောင်းဆရာတော် ဦးဝိစာရထံမှ ကထိန်အနုမောဒနာ တရားနာကြားပြီး ပင့်ကျောင်းဆရာတော်များအား တတ်ရောက်လာသော စေတနာရှင်/အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီးအခမ်းအနားကို  "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုပြီး ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

ကမမောင်း(ပြန်/ဆက်)