ဟိုင်းကြီးကျွန်း အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ဂေဟစနစ်ကောင်းမွန်စေရန်အတွက် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)ရပ်ကွက်တစ်ဖက်ကမ်းရှိ သောင်ပြင်၌ သစ်တောဦးစီးဌာနနှင့် မြို့အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငပုတောမြို့နယ်၊ သစ်တောဦးစီးဌာန၊ဦးစီးအရာရှိ ဦးဝင်းထွန်းနိုင်မှ သစ်တော၊ သစ်ပင်များသည် သဘာဝကိုမျှတစေရန် ဖန်တီးပေးရာတွင် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်နေကြောင်းနှင့် ဂေဟစနစ်ကောင်းမွန်စေရန်အတွက် သစ်တော၊သစ်ပင်များ အရေးကြီးကြောင်းကို ပြောကြားပြီး စိုက်ပျိုးမည့် သစ်ပင်များ၏ အသုံးဝင်ပုံကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဟိုင်းကြီးကျွန်းမြို့ သစ်တောဦးစီးဌာန တာဝန်ရှိသူများမှ စိုက်ပျိုးမည့်အပင်များကို တက်ရောက်လာသော မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများထံသို့ ပေးအပ်ခဲ့ပြီး သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲသို့ မြို့အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၇၀)ဦး တက်ရောက်ကြပြီး သစ်တောသစ်ပင်များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်၍ ဒေသအပူချိန်လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်စေရန်အတွက် သမှဲ့ပင် (၄၀၀)ပင်နှင့် ရေခယားပင်(၁၀၀)ပင် စုစုပေါင်း အပင်(၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်