ဘားအံ အောက်တိုဘာ ၇
ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မကထိက ဗဟုဇနဟိတဓရဘဒ္ဒန္တကဝိဓဇအမှူးပြုသော ဆရာတော်၊ သံဃာတော်များသည် ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဘားအံမြို့ မဲဘောင်ကျောင်းတိုက်၌ သံဃပဝါရဏာပြုတော်မူကြရာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှဦးစီး၍ တပည့်ဒါယကာ၊ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်း၍ သံဃပဝါရဏာသိမ်ဆင်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
ဘားအံမြို့၊ မဲဘောင်ကျောင်းတိုက်သိမ်တော်ကြီးအတွင်း ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ဩဝါဒဆရာတော်ကြီးများ၊သံဃာတော်များကပဝါရဏာပြုတော်မူကြပြီး ပဝါရဏာပြုပြီးသည့် ဆရာတော်၊ သံဃာတော်များအား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ်ရှိ စေတနာရှင်၊ အလှူရှင်များက သိမ်ဆင်းလောင်းလှူကြရာ စုစုပေါင်း ရဟန်း၊ သံဃာ၊ သာမဏေ ၃၃၈ ပါးအား လှူဖွယ် ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ စုပေါင်းလောင်းလှူခဲ့ကြသည်။
ဆက်လက်၍ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဆီမီး(၉၀၀၀)ဆက်ကပ်ပူဇော်ပွဲကို ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သေဋ္ဌမာရ်အောင် ဘုရားကြီးရင်ပြင်တော်၌ ညခင်းပိုင်း ၇ နာရီကကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ဒေသခံတိုင်း ရင်းသားပြည်သူများ၊ ရဟန်း၊ ရှင်လူ၊ ခရီးသွားဧည့်သည်ဘုရားဖူးပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာ ဆီးမီးများ ထွန်းညှိပူဇော်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့ကြ၍ ဆီမီး(၉၀၀၀)ထွန်းညှိပူဇော်ပွဲကို ဖွင့်လှစ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သေဋ္ဌမာရ်အောင်ဘုရားကြီး ဆုတောင်းပြည့် ကောင်းမှုတေစေတီတော်ဂြိုလ်တိုင်များ၌ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ် လှူဒါန်းပူဇော်ကြပြီး စေတီတော်အထက်ပစ္စယံတွင် ဆီမီးများထွန်းညှိပူဇော်ကြကာ ကရင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဆီမီး(၉၀၀၀)ထွန်းညှိပူဇော်ပွဲ စာသားပါ ဆီမီး (၉၀၀၀) ကို ဌာနဆိုင်ရာများ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဘုရားဖူးလာရောက် ကြသော ရဟန်း၊ ရှင်၊ လူပြည်သူများနှင့်အတူ ဆီမီးများထွန်းညှိပူဇော်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းရင်းသား ပြည်သူများက ဆီမီး(၉၀၀၀)ထွန်းညှိပူဇော်နေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ဆီးမီးထွန်းညှိ ပူဇော်သူများနှင့်ဘုရားဖူး ပြည်သူများသည် သေဋ္ဌမာရ်အောင်ဘုရားကြီး ပရိဝုဏ်အတွင်းရှိ ဆုတောင်းပြည့်ကောင်းမှုတော်စေတီတော်နှင့် ကြေသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့အား စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုကြခြင်း၊ တရားဘဝနာ ပွားများခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
သီတင်းကျွတ်လပြည့်နေ့သည် မြန်မာတို့၏အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည် နှင့်အညီ ဘားအံမြို့တွင် နံနက်မိုးသောက်အလင်းရောက်သည်နှင့် ကျောင်းတိုက်အသီးသီးသို့ ဥပုဒ်သီလခံယူ ဆောက်တည်ရန်သွားရောက်ကြသူများ၊ ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ပင့်ဖိတ်ပူဇော်ကန်တော့ပွဲ၊ သံဃ ပဝါရဏာသိမ်ဆင်းလောင်းလှူပွဲ၊ ဆီမီး(၉၀၀၀)ထွန်းညှိပူဇော်ပွဲတို့တွင် ပါဝင်ဆင်နွှဲကြသူများ၊ မိဘ၊ ဘိုးဘွား၊ ဆရာသမားများအား လိုက်လံ ကန်တော့ကြသူများ၊ ကျောင်း၊ ကန်၊ ဘုရား၊ စေတီများတွင် မိသားစုအလိုက်သော်လည်းကောင်း၊ အစုအဖွဲ့များဖြင့်သော်လည်းကောင်း ကောင်းမှုကုသိုလ် ပြုကြသူများ၊ အများပြည်သူဆိုင်ရာနေရာများ (ပန်းခြံ၊ ဈေး၊ ခရီးစဉ်ဒေသများ၊ မုန့်ဈေးတန်း များတွင်) အနားယူအပန်းဖြေကြသူများ၊ ရပ်ကွက်တွင်းရှိ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းများ၊ နေအိမ်များတွင် လျှပ်စစ်မီး၊ ဆီမီး၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ကြသူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း