မကွေး အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြန်မာ့သမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ် လဆန်း (၁၀) ရက်မှ သီတင်းကျွတ်လပြည့်ကျော် (၁၄) ရက် အောက်တိုဘာလ (၁) ရက်မှ (၂၀) ရက်နေ့အထိ ရက်ပေါင်း(၂၀)ကြာ အစဉ်အလာမပြတ် ကျင်းပပြုလုပ်လျက်ရှိပါသည်။
အဆိုပါဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီး အထိမ်းအမှတ် ဆီမီး ၉၀၀၀၊ ပန်း ၉၀၀၀၊ နံ့သာ ၉၀၀၀ ထွန်းညှိ၊ ကပ်လှူ ပူဇော်ပွဲများအပြင် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်း အမှတ်အဖြစ် သီတင်းကျွတ် လပြည့်ကျော်(၂)ရက်နေ့တွင် မကွေးမြို့ပေါ်ရှိ စာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာအပါး(၁၅၀၀)အားပင့်ဖိတ်၍ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်သွားမည်ဖြစ်ကြောင်း၊ ဘုရားပွဲတော်အတွင်း ဈေးဆိုင်တန်းများ၊စားသောက်ဆိုင်များ၊ ကစားကွင်းများ၊ ပြဇာတ်ရုံများ၊ ဒေသထွက်ကုန်အရောင်းဆိုင်များနှင့် အညာဒေသရိုးရာမုန့်ဆိုင်တန်းများဖြင့် ခင်းကျင်းရောင်းချ ပေးလျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူ မိဘပြည်သူများဖြင့် နေ့စဉ် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ထို့ပြင်မြို့လယ်ရှိကန်သာမင်္ဂလာကန်တော်နှင့် မြို့ပေါ်အပန်းဖြေစရာနေရာများ၊ ကလေးကစားကွင်းများ၌လည်း မိသားစုလိုက် လာရောက်လည်ပတ်ကစားသူများဖြင့် ယခင်နှစ်များထက် စည်ကားလျက်ရှိကြောင်း သိရသည်။
မောင်ခိုင်မင်း