ပဲခူး အောက်တိုဘာ ၇
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဆီမီး (၁၀၀၀၀) ဆက်ကပ်လှူဒါန်းပူဇော်ပွဲအား ရွှေမော်ဓောဘုရားရင်ပြင်တော်ပေါ်၌ ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)အား မီးထွန်းညှိပူဇော်ခဲ့ကြသည်။
ထို့နောက် ရောင်စုံမီးပုံပျံများ လွှတ်တင်ပူဇော်ခဲ့ကြပြီး တေးညွှန့်မင်္ဂလာ တေးဂီတအဖွဲ့က ညိမ့်ညောင်းသာယာသော ဓမ္မတေးများဖြင့် သီဆိုပူဇော်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ရတနာမိုးဆင်အကအဖွဲ့နှင့် တေးညွှန့်မင်္ဂလာ တေးဂီတအဖွဲ့တို့အား ဂုဏ်ပြုငွေများ ပေးအပ်သည်။
သီတင်းကျွတ်လပြည့်နေ့၊ (အဘိဓမ္မာအခါတော်နေ့) ညချမ်းအချိန်တွင် ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၊ ရွှေသောလျောင်းရုပ်ပွားတော်မြတ်ကြီး၊ ကျိုက်ပွန်လေးမျက်နှာဘုရား၊ မဟာစေတီတော်မြတ်ကြီး၊ ရွှေဂူလေးဘုရား၊ ရွှေဂူကြီးဘုရား၊ ကျိုက်ပညာယျ စေတီတော်မြတ်ကြီးစသည့် ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများတို့တွင် သီတင်းကျွတ်ကာလအချိန်အတွင်း ညစဉ်ဆီမီးပူဇော်ခြင်းနှင့်အတူ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် အထူးစည်ကားသိုက်မြိုက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့ ရွှေမော်ဓောဘုရားအနီးရှိ သာသနာ့ဗိမာန်တွင်လည်းကောင်း၊ စေတနာရှင်ပြည်သူများက ပဲခူးမြို့ရှိ ရှေးဟောင်းဘုရားစေတီပုထိုးများ၊ ရပ်ကွက်/ရပ်ကျေးရွာများအလိုက် စတုဒီသာကျွေးမွေး ကုသိုလ်ပြုကြသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်