တမူး အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင် ပြည်သူများသည် နံနက်ပိုင်းမှစတင်၍ ဘုန်းတော်ကြီး ကျောင်းများသို့သွားရောက်ကာ ဆရာတော်ကြီးများထံမှ ဥပုသ်သီလ ခံယူဆောက်တည်ခြင်း၊ တရားတော်များနာယူကြခြင်း၊ လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခြင်းစသည့် ကုသိုလ်ကောင်းမှုများကိုပြုလုပ်ကြခြင်းနှင့် သမိုင်းဝင်မြို့မသာသနာ့ရိပ်သာကျောင်းတိုက် ဓာတ်ပေါင်းစု စေတီတော်ဝန်းအတွင်းနှင့် ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးရှိ စေတီတော်များတွင် ဘုရားဖူးပြည်သူများက ပန်း၊ ရေချမ်း၊ ဆီးမီး၊ အမွှေးနံ့သာများ ကပ်လှူပူဇော် ကြခြင်း၊ မြို့မသာသနာ့ရိပ်သာ မင်္ဂလာကန်တော်တို့တွင် လာရောက်လည်ပတ်သူများ ပွဲဈေးတန်းများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
သီတင်းကျွတ်လပြည်နေ့ညပိုင်းတွင် ဘုန်းတော်ကြီးကျောင်းအသီးသီးတို့၌ သီတင်းကျွတ် မီးထွန်းပွဲတော်များကို အဆို၊ အတီး၊ အကဝိုင်းများဖြင့်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပ လျက်ရှိကြောင်း သိရသည်။
ရတနာ