ပွင့်ဖြူ အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ သာသနာ့သမိုင်းဝင်စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီးသို့ ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာ အခါတော်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော် မြတ်ကြီးဂေါပကအဖွဲ့ထံမှ သိရသည်။
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် ပွင့်ဖြူမြို့နယ်ရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီးသို့ ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများက စိတ်ဝင်တစ်စား လာရောက်ဖူးမြော်ကြပြီး ဘုရားဖူးလာပြည်သူများက ဘုရားကြီးကို ဦးခိုက်ဖူးမြော်ကာ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်း၊ ဘုရားကြီးအတွက် အလှူငွေများလှူဒါန်းခြင်း၊ တရားဘာဝနာ ပွားများအားထုတ်ခြင်း ဘုရားအနီးရှိ ငါးကန်တွင် ငါးစာ၊ လိပ်စာကျွေးမွေးပြီး ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။ အလားတူ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများတွင်လည်း ဒေသခံပြည်သူများက ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားအားထုတ်ခြင်း၊ ဘုရားရှင်အား ရည်မှန်းကာ ဆီမီးများ ထွန်းညှိပူဇော်ခြင်း၊ အန္တရာယ်ကင်း ပရိတ်ပဋ္ဌာန်းများ ရွတ်ပူဇော်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ စန္ဒကူးနံ့သာကျောင်းတော်ဘုရားကြီးသည် ကောဇာသက္ကရာဇ် ၄၅၈ ခုနှစ်၊ ခရစ်နှစ်သက္ကရာဇ် ၁၀၉၇ ခုနှစ်တွင် မဏိစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သည့် စေတီတော်ကြီးဖြစ်ပြီး မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ရဟန္တာ(၅၀၀)ခြံရံပြီး ခုနှစ်ရက်တိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့သည့် သာသနာ့သမိုင်းဝင်ဘုရားကြီးဖြစ်သည့်အတွက် မြန်မာပြည်၏သာသနာ့သမိုင်းဝင် ဗုဒ္ဓဂါယာဖြစ်၍ ယခုကဲ့သို့ နေ့ထူး နေ့မြတ်များတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များက စိတ်ဝင်တစား လာရောက်ဖူးမြော်ကြလေ့ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)