ဘားအံ အောက်တိုဘာ ၆
မြန်မာတို့၏(၁၂)လရာသီများအနက် သီတင်းကျွတ်အခါသမယသည် ဘာသာတရားများထုံမွှမ်းသော ထူးမြတ်သောကာလဖြစ်သည်နှင့်အညီ ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော သီတင်းကျွတ်လပြည့်နေ့အထိမ်းအမှတ် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) နံနက်ပိုင်းက ဘားအံမြို့ တောင်ကလေးကျေးရွာ လေယာဉ်ကွင်းဟောင်းနေရာ၌ကျင်းပရာ ဒေသခံပြည်သူများအေးချမ်းပျော်ရွှင်စွာပါတင်ဆင်နွှဲခဲ့ကြသည်။
မီးပုံးပျံလွှတ်တင်ပူဇော်ကြမည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့်ဒေသခံပြည်သူများသည် အတီး၊အမှုတ်၊အက၊အခုန်များဖြင့် လေယာဉ်ကွင်း ဟောင်းအတွင်း နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မီးပုံးပျံကြီး အလုံး(၃၀)ကို လွှတ်တင်ပူဇော်သွားမည်ဖြစ်ပြီး ဇွဲကပင်ခန်းမတွင် ထေရ်ကြီးဝါကြီး သံဃာတော်များအား ပူဇော်ခြင်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ မွန်းလွဲပိုင်းတွင် မဲဘောင်ကျောင်းတိုက်၌ သံဃပဝါရာဏာသိမ်ဆင်း လောင်းလှူခြင်း၊ ညခင်းပိုင်းတွင် သေဋ္ဌမာရ်အောင်ဘုရားကြီးဝင်း၌ ဆီမီး(၉၀၀၀)ပူဇော်ပွဲ တို့ကို စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက မီးပုံးပျံလွှတ်တင် ပူဇော်ကြမည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား တစ်ဖွဲ့လျှင်ငွေကျပ်(၇)သိန်းနှုန်းဖြင့် စုစုပေါင်း(၃၀)ဖွဲ့ အား ငွေကျပ် ၂၁၀၀၀၀၀ဝ(နှစ်ရာ့တစ်ဆယ်သိန်း)ကို ချီးမြှင့်ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးပုံးပျံ လွှတ်တင်ပူဇော်နိုင်ကြောင်း မင်္ဂလာရွှေမောင်းကို(၃)ချက်တီးခတ်၍ အချက်ပေးရာ ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်း အဖွဲ့များပါဝင်သော မီးပုံးပျံလွှတ်တင်ပူဇော်ရေးအဖွဲ့များက အောက်ခြေအချင်း ၆ ပေ၊ အမြင့် ၄၀ ပေနှင့်အထက်ရှိသော မီးပုံးပျံကြီးအလုံး ၃၀ ကို အိုးစည်ဗုံမောင်းများ၊ တိုင်းရင်းသားတို့၏ယဉ်ကျေးမှု အတီး၊အမှုတ်၊အက၊အခုန်များဖြင့် လွှတ်တင်ပူဇော်ကြကာ ဘားအံမြို့ ခရီးစဉ်ဒေသများနှင့်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှလည်း မီးပုံးပျံအသေး အလုံး(၁၀၀)ကျော်တို့ကို လွှတ်တင်ပူဇော်ကြသည်။
ထိုသို့ မီးပုံးပျံများလွှတ်တင်ပူဇော်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ယနေ့ကျင်းပသည့်ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်း ပွဲတော်တစ်ရပ်ကို ဆင်နွှဲခြင်းဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်း မြတ်စွာဘုရားရှင်ကိုရည်မှန်း၍ ကောင်းမှုကုသိုလ်ပြုသည့်ပွဲလည်း ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြည်နယ်အတွင်းသီတင်းသုံးတော် မူကြသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား ပူဇော်ကန်တော့ပွဲမင်္ဂလာအခမ်းအနားကို သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) နံနက် ၉ နာရီခွဲက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီးများအား စုပေါင်းပူဇော်ကန်တော့ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ဥဒေါင်းကျောင်းဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တခန္ထီဝဏ္ဏ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီး(၁၁)ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်ဩဝါဒါစရိယ ဥဒေါင်းကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တခန္ထီဝဏ္ဏထံမှ ကိုးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်စသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြကာ ပြည်နယ်သံဃနာယကအဖွဲ့ (မူလဒွါရ)ဥက္ကဋ္ဌ အမိတာရာမရဲကျောင်းဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဂုဏာလင်္ကာရ နှင့် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကထိက သုန္ဒရာရာမကျောင်းဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တတေဇောဘာသတို့ထံမှ သာရဏီယ ဩဝါဒကထာများကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များက ဆရာတော်အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်ဩဝါဒါစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းသည်။
အခမ်းအနားအပြီးတွင် ကြွရောက်ချီးမြှင့်တော်မူကြသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပရိသတ်များကိုလည်း နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)