စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ဥယျာဉ်ဖွင့်ပွဲနှင့် သီတင်းကျွတ်မီးထွန်းပွဲတော် အခမ်းအနား တက်ရောက် 

မုံရွာ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ဥယျာဉ်ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၆ ရက် မွန်းလွဲပိုင်းတွင် အဆိုပါပြည်သူ့ဥယျဉ် မုခ်ဦးရှေ့တွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူ့ဥယျာဉ်မြေနေရာသည် ယခင်က သစ်တောသစ်ပင်များရှိပြီး ကျယ်ဝန်းပြီးအရိပ်အာဝါသကောင်းသည့် နေရာတစ်ခုဖြစ်၍ ပြည်သူများစိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်စေရန် ပြည် သူ့ဥယျာဉ်နေရာတစ်ခုအဖြစ် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မုံရွာမြို့နေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပြည်သူ့ဥယျာဉ်အတွင်း အားလပ်ရက်များတွင် လာရောက်အနားယူ အပန်းဖြေနိုင်တော့မည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ  ပြည်သူလူထု၏ လိုအပ်ချက်များအား အကောင်းဆုံးစဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ယခုလိုဆောင်ရွက်ရာတွင် မုံရွာမြို့ဖွံ့ဖြိုးတိုးတက်စေရေး သည်လည်း အဓိကအရေးပါသည့်အတွက် ၎င်းဆောင်ရွက်မှုများအား အကောင်အထည်ဖော်နေသည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စည်ပင်သာယာရေးလုပ်ငန်းများအား အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ဌာနဆိုင်ရာများ၊ မြို့နေပြည်သူများမှလည်း ဝိုင်းဝန်းကူညီဆောင်ရွက် ပေးသွားကြရန် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကိုကိုလွင်တို့က  ပြည်သူ့ ဥယျာဉ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။  

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆင်အကဖျော် ဖြေနေမှုအား ကြည့်ရှုခဲ့ကြကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားသို့ လာရောက်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ရှိဝန်ကြီးဌာနများ၊ မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များနှင့် ဆန်/ဆီ ကုန်သည်ကြီး များအသင်းများမှ စတုဒီသာမဏ္ဍပ်များဖြင့် စားသောက်ဖွယ်ရာများ ကျွေးမွေး ဧည့်ခံနေမှုများအား လိုက်လံကြည့်ရှု အားပေးသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ဥယျဉ် အနီးရှိ အောင်ဆုပန် စေတီတော်ကြီးရင်ပြင်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဆီးမီး ၂၅၀၀ အား ထွန်းညှိပူဇော်ခြင်းနှင့် ပြည်သူ့ဥယျဉ်ရင်ပြင်အတွင်း မီးပုံးပျံအလုံး ၁၀၀၀  လွှတ်တင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်