ထားဝယ်မြို့ရွှေတောင်စားစေတီတော်မြတ်ကြီး၌ ဘုရားဖူးလာပြည်သူများဖြင့်စည်ကားလျက်ရှိ

ထားဝယ်      အောက်တိုဘာ  ၆

သီတင်းကျွတ်လပြည့်နေ့သည်‌ ထေရဝါဒဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ကြီးဖြစ်သည့် အားလျော်စွာ ထားဝယ်ဒေသရှိ ဘုရားပုထိုးစေတီတော်များ၊ ထားဝယ်မြို့ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးတို့တွင် ယနေ့ညနေပိုင်းက ဒေသခံပြည်သူများ အပါအဝင်ဘုရားဖူးလာသူများက ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူ ပူဇော်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့ပြင်ဘုရားဖူးလာပြည်သူများက အဓိဋ္ဌာန်ပုတီးစိပ်ခြင်း၊ ဂုဏ်တော်များနှင့် ပရိတ် တရားတော်များ ရွတ်ဖတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ စိတ်ဝင်စားဖွယ်သမိုင်းကြောင်းများ၊ သမိုင်းဝင် ရှင်ကိုးရှင်ဘုရားများ၊ ဘုရားပုထိုး၊ စေတီများသည်ဘုရားဖူးလာပရိတ်သတ်များဖြင့် ထင်ရှားကျော်ကြားလျက်ရှိပြီး အပန်းဖြေနားနေစရာအဖြစ် မောင်းမကန် ကမ်းခြေအပါအဝင် ကမ်းခြေများစွာလည်းရှိသည်။

ရုံးပိတ်ရက်ဖြစ်သည့်အတွက်ထားဝယ်ခရိုင်အတွင်းရှိနိုင်ငံ့ ဝန်ထမ်းများနှင့်ဒေသခံပြည်သူများ က မိသားစုအလိုက် ဘုရားစေတီပုထိုးများ၊ အပန်းဖြေနေရာများကို သွားရောက်လည်ပတ် လျက်ရှိကြသည်။ အများပြည်သူရုံးပိတ်ရက်ဖြစ်သည့်အတွက်နိုင်ငံ့ ဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများက မိမိအတွက်သာမက မိသားစုအတွက်ပါ တန်ဖိုးကြီးမားကြသည်။ အချို့ကလည်းမိမိတို့ကြိုတင်စီစဉ်ထားသော ဒေသအတွင်းဘုရားဖူးသွားလာခြင်း၊ အပန်းဖြေစရာ ကမ်းခြေများသို့သွားရောက်ခြင်း၊ ဒေသန္တရဗဟုသုတ များကိုလည်းရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)