မင်းဘူး အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာ ၆ ရက် ညနေပိုင်းက ဆီမီး ၃၀၀၀ ထွန်းညှိပူဇော်ခဲ့ပွဲကို ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြားခဲ့သည်။
ထိုသို့ပူဇော်ရာတွင် မင်းဘူးခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အနယ်အနယ်အရပ်ရပ်မှ ဘုရာဖူး လာရောက်ကြသူများက ရှင်ပင်စက္ကိန်းတဲစေတီတော် ဘုရားပရိဝုဏ်နှင့် ဘုရားစောင်းတန်းတစ်လျောက်၌ ဆီမီးခွက်၊ မီးစာ၊ အလင်းတိုင်များဖြင့် ဆီမီး ၃၀၀၀ ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံလွှတ်တင်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထို့အတူ သီတင်းကျွတ်ကာလ အစိုးရရုံးပိတ်ရက်များနှင့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် မြို့နယ်အတွင်းရှိ နဂါးပွက်တောင်၊ ရှင်မင်းပူးဘုရား၊ မန်းရွှေစက်တော်ဘုရားကြီးနှင့် ရှင်ပင်ချမ်းသာကြီးဘုရားစသည့် အထင်ကရနေရာများနှင့် ဘုရားကျောင်းကန်စေတီပုထိုးများတွင် အနယ်အနယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်လည်ပတ်ကြသူများ၊ အလှူအတန်းနှင့် ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများဖြင့်စည်ကားခဲ့ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ဆီမီးထွန်းညှိပူဇော်ခြင်း၊ ရပ်ကွက်၊ ကျေးရွာအလိုက် ဝတ်ရွတ်အသင်းအဖွဲ့မျာက ပရိတ်၊ ပဌာန်း ဒေသနာတော်ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)