လေရှီး အောက်တိုဘာ ၆
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ မြို့မရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ဌာန၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဘာသာဝင်များ ပူးပေါင်းကျင်းပသော သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့၊ သံဃာ့ပူဇာနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားပထမပိုင်းအဖြစ် သံဃာ့ပူဇာပွဲကိုပြုလုပ်ရာ ရှေးဦးစွာအခမ်းအနားသို့ကြွရောက်လာကြသောလေရှီးမြို့ ဗဟိုသာသနာပြုခေါင်းဆောင်ဆရာတော် အမှူးပြုသောပင့်သံဃာ (၆) ပါးနှင့်သီလရှင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများနှင့် ဘာသာဝင်များက နမောတဿ(၃)ကြိမ် ရွက်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး လေရှီးမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ခေါင်းဆောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုဒဿနအရှင်သူမြတ်ထံမှ (၈)ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ ရွက်ဖတ်သရဇ္ဇျာယ်အပ်သော မေတ္တာသုတ်ပရိတ်တရားတော်များနာယူကြည်ညိုပြီး သံဃာ့ပူဇာ ဝတ္ထုငွေ (၄၇၇၇၀၀၀)ကျပ်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ လေရှီးမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)လက်ထောက်ဆရာတော် သာသနာ့တက္ကသီလ ဓမ္မာစရိယ ဘဒ္ဒန္တအဂ္ဂဓဇ အရှင်သူမြတ်ဟောကြားအပ်သော "လူသားနှင့်ကောင်းခြင်းလေးဖြာ" အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
အခမ်းအနားဒုတိယပိုင်းတွင် သက်ကြီးပူဇော်ပွဲကိုဆက်လက်ကျင်းပရာ အခမ်းအနားသို့ ကြွရောက်လာသူများက သက်ကြီးဘိုးဘွားများအား ဝန်ချတောင်းပန်ကန်တော့မှုနှင့်အတူ ကန်တော့ပစ္စည်းများအားပေးအပ်ခဲ့ကြပြီး သက်ကြီးဘိုးဘွားများအားလုံးကိုယ်စား အဘိုးဦးခန်၊ အဖွားဒေါ်ခါရောတို့က ဝန်ချကန်တော့ကြသော သားသမီးမြေးမြစ်များအား ဆုပေးခဲ့ကြသည်။
အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွက်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ပြီး အခမ်းအနားပြီးတွင် ဧည့်ပရိတ်သတ်များအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
လေရှီးမြို့တွင် သီတင်းကျွတ်မီးထွန်းပွဲအဖြစ် (၅.၁၀.၂၀၂၅) ရက်နေ့ညတွင် အမှုထမ်းရပ်ကွက်ရှိ ဥရုဝေလစေတီတော်နှင့် အဘယလာဘမုနိရုပ်ပွားတော် ထိုင်တော်မူဘုရားကြီးတို့တွင် ဆီမီး(၁၀၀၀) ထွန်းညှိကပ်လှူပူဇော်ခဲ့ပြီး (၆.၁၀.၂၀၂၅)ရက်နေ့ ညနေ (၃)နာရီအချိန်တွင် အဘိဓမ္မာအခါတော်နေ့အဖြစ် ဥရုဝေလစေတီတော်ကုန်းပေါ်၌ အမှုထမ်းရပ်ကွက်၊ အောင်မင်္ဂလာရပ်သီလရှင်ဆရာလေး ဒေါ်ဇေယျသိင်္ဂီဦးဆောင်သော သီလရှင်များနှင့် ဝတ်ရွက်အသင်းများက အဘိဓမ္မာအခါတော်နေ့ အမေး-အဖြေကျူးရင့်သံနှင့် အဘိဓမ္မာ(၇)ကျမ်း ပါဠိတော်ကောက်နှုတ်ချက်များကို ရွက်ဖတ်ပူဇော်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ညနေ (၆) နာရီအချိန်တွင် ဥရုဝေလစေတီတော်နှင့် အဘယလာဘမုနိရုပ်ပွားတော် ထိုင်တော်မူဘုရားကြီးတို့တွင် ဆီမီး(၁၀၀၀) ထွန်းညှိကပ်လှူပူဇော်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
လေရှီး (ပြန်/ဆက်)