မြို့သစ် အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာရာတွင် အသက်(၁၈) နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ (၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ (၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ (၄-ဂ) ဖြင့်လည်းကောင်း မဲစာရင်းထုတ်ပြန်ကြေညာသည့် ရက်မှစ၍ (၁၄)ရက်အတွင်း သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက် (၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၅)အုပ်စုရှိ ကျေးရွာပေါင်း (၁၄၁)ရွာတွင် မဲရုံပေါင်း (၁၀၈)ရုံဖြင့် ကျင်းပမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးနိုင်ရေး ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)