သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ပခုက္ကူမြို့ရှိရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊စေတီတော်မြတ်ကြီးများ၌ ဘုရားဖူးပြည်သူများဖြင့်စည်ကား

ပခုက္ကူ အောက်တိုဘာ

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ၌ ယနေ့နံနက်ပိုင်းက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကားလျက်ရှိသည်။

ပခုက္ကူမြို့သည် ဗုဒ္ဓဘာသာသာသနာထွန်းကားရာမြို့တစ်မြို့ဖြစ်သည်နှင့်အညီ သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးစသည့် ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရားနှင့်စေတီတော်မြတ် ကြီးများတည်ရှိရာ မြို့လည်းဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် နေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)ရောက် တိုင်း ဘုရား၊စေတီတော်မြတ်ကြီးများရှိ ဗုဒ္ဓရုပ်ပွားတော်များ ရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများထွန်းညှိကပ်လှူပူဇော်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းတို့ဖြင့် အသီးသီးလာရောက်ကုသိုလ်ယူကြသည်ကို တွေ့ရသည်။

ထို့ပြင် ပခုက္ကူမြို့၊ ပရိယတ္တိပါဠိတက္ကသိုလ်စာသင်တိုက်ကြီးများ၊ ဘုန်းတော်ကြီးကျောင်းများရှိ ဆရာတော်သံဃာ တော်ကြီးများထံ ဥပုသ်သီလတရားနာယူသူများ၊ ဘုရား၊ စေတီတော်ရင်ပြင်များတစ်လျှောက် အဘိဓမ္မာဒေသနာတော်ကို ရွတ်ဖတ်ပူဇော်သူများ၊ ဘုရားပန်းများ လှဲလှယ်သူများနှင့်သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းသူများ၊ ငါးအစာကျွေး သူများ၊ ဘုရားဝန်း အတွင်းရောင်းချသည့် စားစရာမုန့်ပဲသရေစာများ ဝယ်ယူစားသောက် အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)