ပွင့်ဖြူ အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော မိုးသီးနှံစုံ ၄၅၃၂၁ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံပိုလျှံစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေးအတွက် စပါး ၊ နှမ်း ၊ မြေပဲ ၊ နေကြာ ၊ ပဲတီစိမ်း ၊ ပဲကြီး ၊ ပဲစင်းငုံ ၊ ဖူးစားပြောင်း ၊ ချည်မျှင်ရှည်ဝါ ၊ ကြံ ၊ ဟင်းသီးဟင်းရွက်သီးနှံ ၊ ငှက်ပျော ၊ အုန်း ၊ ထန်း ၊ သီးပင်စားပင် ၊ ပရဆေးပင်နှင့် အထွေအထွေစားသုံးသီးနှံများ စသည့် မိုးသီးနှံစုံ ၁၂၉၀၆၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု ၁၃၄၅၂၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ မိုးသီးနှံစိုက်ခင်းများကို ဒေသခံတောင်သူများက ယခုနှစ် ဇူလိုင်လကုန်ပိုင်းမှ စတင်ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ ယနေ့ထိ မိုးသီးနှံစုံ ၄၅၃၂၁ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေဖို့၊ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့နဲ့ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေဖို့ ရည်ရွယ်ပြီး မိုးသီးနှံစုံစိုက်ဧက ၁၃၄၅၂၄ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ မိုးသီးနှံတွေထဲမှာ ဆောလျင်စွာ စိုက်ပျိုးနိုင်ခဲ့တဲ့ သီးနှံစိုက်ခင်းတွေကို ဒေသခံတောင်သူတွေက ယခုနှစ် ဇူလိုင်လကုန်ပိုင်းလောက်ကစပြီး ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ ဒီနေ့ထိ ၄၅၃၂၁ ဧက ရိတ်သိမ်းပြီးစီးသွားပြီဖြစ်ပါတယ်။ မိုးသီးနှံတွေ သိမ်းဆည်းခြင်းနဲ့ပတ်သက်ပြီး အထွက်နှုန်းများ လျော့နည်းမှုတွေ မဖြစ်စေရေးအတွက် စနစ်တကျ သိမ်းဆည်းကြဖို့၊ အရည်အသွေးကောင်းတဲ့ သီးနှံများရရှိဖို့ အမိုးအကာအောက်မှာ စနစ်တကျ သိမ်းဆည်းနိုင်ဖို့အတွက် ဒေသခံတောင်သူတွေကို အချိန်မီသီးနှံရိတ်သိမ်းနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် ရိတ်သိမ်းပြီးစီးသည့် မိုးသီးနှံစုံဧက ၄၅၃၂၁ တွင် ဖူးစားပြောင်း ၁၆၈၉ ဧက ၊ ပဲတီစိမ်း ၆၄၀၉ ဧက ၊ မြေပဲ ၅၂၆၇ ဧက ၊ နှမ်း ၂၄၀၆၅ ဧက ၊ နေကြာ ၉၃၀ ဧက ၊ ကွမ်း ၁၅ ဧက ၊ ငရုပ် ၄၁၀ ဧက ၊ သီးပင်စားပင်သီးနှံစုံ ၁၆၈၄ ဧက ၊ ကျွဲနွားတိရစ္ဆာန်အစာ ၄၈၅၂ ဧကတို့ကို ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ခင်းများ ရိတ်သိမ်းရာတွင် မြေပဲသီးနှံ တစ်ဧက ၅၅ ဒသမ ၂၆ တင်း ၊ နှမ်းသီးနှံက တစ်ဧက ၉ ဒသမ ၄၃ တင်း ၊ နေကြာသီးနှံက တစ်ဧက ၁၉ ဒသမ ၃၅ တင်း၊ ပဲတီစိမ်းသီးနှံက တစ်ဧက ၁၉ ဒသမ ၃၈ တင်း ၊ ဖူးစားပြောင်းက တစ်ဧက ၁၄၃၀၅ ဖူး၊ ကျွဲနွားတိရစ္ဆာန်အစာမှာ တစ်ဧက ၂၃၅၅ ထုန်း၊ အခြား စားသုံးသီးနှံတွေဖြစ်သည့် ဟင်းသီးဟင်းရွက် တစ်ဧက ၃၅၅၀ ပိဿာ၊ ငရုပ်သီးနှံ တစ်ဧက ၇၂၀ ပိဿာ၊ အုန်းတစ်ဧက ၄၁၆၅ ခိုင် ၊ ငှက်ပျောတစ်ဧက ၁၄၃၆ ခိုင် ၊ သစ်သီးပင် တစ်ဧက ၁၅၃၆၅ လုံး ၊ ကွမ်း တစ်ဧက ၄၈၀၀ ပိဿာ စိုက်ပျိုးထွက်ရှိခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်သူများအနေဖြင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရုံမျှမက ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် သီးနှံစိုက်ပျိုးခြင်းကို ဒေသမရွေး ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )