ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား ပို့ဆောင်နှုတ်ဆက်

ပုသိမ် အောက်တိုဘာ ၆

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ရှေ့တွင် သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအနေဖြင့် အသင်းအုပ်ချုပ်နည်းပြများ ပညာရှင်များ၏ အကြံပြုသုံးသပ်ချက်များကို ကောင်းစွာနာယူ မှတ်သား၍လိုအပ်သည်များ ပြင်ဆင်ကြရန်၊ တစ်ဦးချင်းပြိုင်ပွဲများတွင် မိမိတို့၏ပြိုင်ပွဲဝင်ဘာသာရပ်အား ကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင်နိုင်ရေး၊ အဖွဲ့လိုက်ပြိုင်ပွဲများတွင် စည်းလုံးညီညွတ်မှု၊ အပေးအယူမျှတမှုရှိစေရေး၊ ပံ့ပိုးရေးအဖွဲ့များအနေဖြင့်လည်း မိမိတို့ပြိုင်ပွဲဝင်အတွက် အကောင်းဆုံးဖြစ်စေရေး ကြိုးစားဆောင်ရွက်ပေးကြရန်၊  သွားလာနေထိုင် စားသောက်မှုများ ဂရုတစိုက်ဆောင်ရွက်ရန်၊ ကျန်းမာရေးကိစ္စရပ်များကိုလည်း အထူးဂရုစိုက် ဆောင်ရွက်ရန်၊ မော်တော်ယာဉ်များကိုလည်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းများအတိုင်း မောင်းနှင်ရန်၊ အုပ်ချုပ်မှုယာဉ်များစနစ်တကျ လိုက်ပါဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး ဂုဏ်ဆောင် အောင်မြင်မှုရရှိစေရေး ကြိုးစားကြရန်ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်တစ်ဦးချင်းအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်