ကော့သောင်း အောက်တိုဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအသီးသီးတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိတို့က ပြောင်းလဲကျင့်သုံးမည့်ရွေးကောက်ပွဲစနစ်(MMP)၊ မဲပေးသည့်ပုံစံ(MEVM)နှင့် ရွေးကောက်ပွဲကျင်းပမည့်ပုံစံ(အပိုင်းလိုက်)တို့ကို ရှင်းလင်းပြောကြားပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်းသိကောင်းစရာများ၊ ၎င်းစက်အသုံးပြု၍ မဲပေးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တက်ရောက်လာကြသည့် အသက်(၁၈)နှစ်ပြည့်ပြီး ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန် စိစစ်ခြင်းစသည့် မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)