တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကို ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်သို့တက်ရောက်

ထားဝယ်         အောက်တိုဘာ ၆

သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များအတွက် သင်္ကြန်ပွဲတော်ပြီးလျှင် ဒုတိယမြောက် အစည်ကားဆုံးပွဲတော်ဖြစ်ပြီး သီတင်းကျွတ်မီးထွန်းပွဲတော်နှင့်အတူ ထားဝယ်မြို့တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ဖွင့်ပွဲကို ယမန်နေ့ညနေ(၆)နာရီက ထားဝယ်မြို့ တလိုင်းမရပ်ကမ်းနားလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်၊ ထားဝယ်မြစ်ကမ်း၌ရှေးရိုးရာ အစဉ်အလာအတိုင်း စည်ကားသိုက်မြိုက်စွာကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဒေသခံပြည်သူများက သုံးလောကထွဋ်တင် သဗ္ဗညုဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်မျှော်မှန်းဆကြည်ညိုသဒ္ဓါပွားများပြီး ဆီးမီးများဖြင့် ထွန်းညှိပူဇော်သည်။

ထို့နောက်ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးထွန်း၊ ထားဝယ်ရိုးရာသပိတ်မျှောပွဲတော် ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးတို့က မီးပုံးပျံအကြီးဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်လွှတ်တင်ပူဇော်ပြီး မြို့မိမြို့ဖများနှင့်ဒေသခံထားဝယ်မြို့သူ/မြို့သားများတို့ကမီးပုံးပျံအလုံးရေ(၅၀၀)လုံးအား တစ်ညီတစ်ညွတ်တည်း လွှတ်တင်ပူဇော်ခဲ့ကြသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က ရပ်ကွက်ကျေးရွာအလိုက် အလှဆင်ထားသည့် အလှသပိတ်အိုးကြီးများပူဇော်ခံထားရှိမှုနှင့် နိဗ္ဗာန်ဈေးအလှူတော်များအား လိုက်လံကြည့်ရှု အားပေးကာ ထားဝယ်မြို့သူမြို့သားများ၏ သီဆိုကပြဖျော်ဖြေနေမှုနှင့် ဇာတ်သဘင်များဖြင့် ဧည့်ခံဖျော်ဖြေနေမှုတို့အား ကြည့်ရှုအားပေးကြပြီး ဧည့်သည်တော်များက ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။

ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကိုအောက်တိုဘာ(၆)ရက်နံနက် (၄) နာရီ အချိန်တွင်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အရှင်ဥပဂုတ္ထမထေရ်မြတ်အားရည်စူး၍ သပိတ်မျှောကာ ဆွမ်းဆက်ကပ် ကုသိုလ်ပြုကြပြီး ဒေသခံထားဝယ်မြို့သူ/သားများက ထားဝယ်ရိုးရာသပိတ်မျှောမုခ်ဦးမှစ၍ ဝင်္ကဘာလျှောက်လမ်းကို ပျှော်ရွှင်စွာဖြတ်ကျော်ကြကာ သပိတ်မျှော၍ ဆုတောင်းပတ္ထနာပြုပြီး ကုသိုလ်ပြုကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှဆင်ထားသည့် အလှသပိတ်အိုးကြီးတွင် ပထမဆုရရှိသည့် သင်္ဘောဆိပ်ရပ်ကွက်၊ ဒုတိယဆုရရှိသည့်အိုးလုပ်ရပ်ကွက်၊ တတိယ ဆုရရှိသည့် Sweet December  သွေးလှူရှင် လူငယ်များအဖွဲ့တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

 

သပိတ်မျှောပွဲကို နှစ်စဉ်နှစ်တိုင်းသီတင်းကျွတ်လပြည့်နေ့တွင်ကျင်းပလေ့ရှိပြီး စေတနာရှင်၊ အလှူရှင်များက သပိတ်မျှောပွဲသို့ လာရောက်ကြည့်ရှု့သူများကို စတုဒိသာများဖြင့်ဧည့်ခံကျွေး မွေးခြင်း၊ မီးပုံပျံလွှတ်တင်ပူဇော်ခြင်း၊ သပိတ်မျှောပွဲတွင်ထားဝယ် ရိုးရာယဉ်ကျေးမှုအက၊ ထားဝယ်ဒေသသပိတ်မျှောပွဲအက၊ ထားဝယ်ရိုးရာအကအလှပဒေသာများ၊ ဇာတ်သဘင်များဖြင့် သီဆိုဧည့်ခံဖျော်ဖြေခြင်းများဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် ဒေသခံပြည်သူများက ကြည်ရှု အားပေးကြသည်။

သပိတ်မျှောပွဲတော်သည် အရှင်ဥပဂုတ္တမထေရ်မြတ်အားရည်စူး၍ ထားဝယ်ရိုးရာ မြေသပိတ်ထဲတွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုးစသည့် လှူဖွယ်များကိုထည့်ပြီး တံခွန်၊ ကုက္ကားများ စိုက်ထူ၍ ဆီးမီးများထွန်းညှိကာ သပိတ်မျှောကြခြင်းဖြစ်ပြီး ရာသီဥတုမိုးလေဝသကောင်းမွန်စေရန်၊ ဆန်ရေစပါးစီးပွား ဥစ္စာပေါများတိုးတက် စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့်မကောင်းသော ဘေးဘယာကံကြမ္မာ အပေါင်းကင်းဝေးလွှတ်မြောက်စေရန် ဆုတောင်းပတ္တနာပြုသည့် ရည်ရွယ်ချက်ဖြင့် ထားဝယ်တိုင်းရင်းသားလူမျိုးများက ရှေးအစဉ်အဆက်မှ ယနေ့တိုင်သပိတ်မျှော ပွဲတော်ကို ကျင်းပလာခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဝါလကင်းလွတ်သီတင်းကျွတ်သည်နှင့်ဒေသအလိုက် ရိုးရာအစဉ်အလာ မပျက်ပွဲတော်များကို ကျင်းပဆောင်ရွက်လျက်ရှိရာ သီတင်း ကျွတ်ကာလနှင့်အတူ တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ဒေသတွင် ရှိသော ထေရဝါဒဗုဒ္ဓဘာသာဝင်များက တောင်သမုဒ္ဒရာ၌ စံနေတော်မူသော အရှင်ဥပဂုတ္ထမထေရ်မြတ်အား ရည်စူး၍ သပိတ်မျှောပွဲတော်ကို ကျင်းပလေ့ရှိပြီး သပိတ်မျှောပွဲကို ထားဝယ်မင်းများ လက်ထက်မှစတင်၍ ကျင်းပခဲ့ခြင်းဖြစ်ကာယနေ့တိုင် ထားဝယ်ရိုးရာယဉ်ကျေးမှုဓလေ့ တစ်ခုအနေ ဖြင့် တည်ရှိနေခြင်း ဖြစ်ကြောင်းသိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)