သီတင်းကျွတ်လမြတ်အခါသမယ ကုသိုလ်ကောင်းမှုပြုခြင်း၊ စတုဒိသာများကျွေးမွေးခြင်းများဖြင့်စည်ကား

ကော့သောင်း အောက်တိုဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်၊ သီတင်းကျွတ်လမြတ်အခါသမယ၌ ဘုရား၊ ကျောင်းကန်၊ စေတီ၊ ပုထိုးများ၌ ဆွမ်းတော်ကြီးတင်ပွဲများ ဆောင်ရွက်ခြင်း၊ ဝတ်ရွတ်အဖွဲ့များမှ အဘိဓမ္မာဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ စေတနာရှင်မိသားစုတို့မှ စတုဒိသာများကျွေးမွေးခြင်း၍ နိဗ္ဗာန်ဈေးပွဲတော်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့နေ စေတနာရှင်မိသားစုအပေါင်းတို့မှ ယမန်ည‌နေပိုင်းက ဘုရင့်နောင်ရပ်ကွက်ရှိ၊ နဂါးရုံစေတီကမ်းနားလမ်းတွင် အများပြည်သူအပေါင်းတို့အား အာဟာရဒါနပြုကြခြင်း၊ စားသောက် ကုန်များလှူဒါန်းခြင်းဖြင့် ကုသိုလ်ကောင်းမှုများပြုကြ၍ ညနေ(၅)နာရီခန့်မှစတင်၍ ကံစမ်းမဲအစဉ်အစီဖြင့် နိဗ္ဗာန်ဈေးပွဲတော်ကိုကျင်းပခဲ့ကြပြီး ကလေး၊ လူရွယ်၊ လူကြီးအပေါင်းတို့က လာရောက် စီတန်း၍ ပျော်ရွင်စွာဆင်နွဲခဲ့ကြကြောင်းသိရသည်။

ရူပါမြင့်