ဘားအံမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ဘားအံ အောက်တိုဘာ ၆

၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့ (World Teachers’ Day 2005) အထိမ်းအမှတ်အခမ်းအနားကို  “ပညာရပ်များ ပေါင်းစုဖွဲ့လို့ သင်ကြားရေးအသွင်သစ်ကို ဖော်ဆောင်စို့” ဆောင်ပုဒ်ဖြင့် အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ကျင်းပရာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် ဘားအံမြို့ရှိ ကျောင်းအုပ်ဆရာကြီးများက မြတ်ဆရာသီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကိုဖွင့်လှစ်သည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးကဖတ်ကြားပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သောစုပေါင်းသဝဏ်လွှာကို ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးစသိန်းကျော်ကဖတ်ကြားကာ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းမှကျောင်းသူတစ်ဦးက  ဆရာ့ဂုဏ်ရည်စာတမ်းကို ဖတ်ကြားဂုဏ်ပြုသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးကော်မတီနာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ဂါရဝလက်ဆောင်များပေးအပ်ကာ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အငြိမ်းစားဆရာကြီးဦးအောင်မြင့်ရေးသားဖွဲ့ဆိုထားသော ရှိခိုးပူဇော်ပါသည်ဆရာ တေးသီချင်းကို အမှတ်(၉)အခြေခံပညာမူလတန်းလွန်ကျောင်းမှ အလယ်တန်းပြဆရာမတစ်ဦးက ဂုဏ်ပြုသီဆိုသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာသော အငြိမ်းစား ဆရာကြီး၊ဆရာမကြီးများ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ခင်းကျင်းပြသထားသော ဆုရ စာစီစာကုံး၊ ကဗျာလက်ရာများ၊ ပြိုင်ပွဲလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့် ကမ္ဘာ့ဆရာများနေ့မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)