ပခုက္ကူမြို့၌ မြန်မာ့ဂုဏ်ဆောင် ခြင်းလိပ်ပြာနန္ဒာဝင်း တပင်တိုင်ခြင်းအလှခတ်စွမ်းရည်ဖြင့် ၂ ရက်တာ လာရောက်ဖျော်ဖြေ

ပခုက္ကူ အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သီတင်းကျွတ် မီးထွန်းပွဲတော်အထိမ်းအမှတ်အဖြစ် ကျင်းပသောခြင်း အလှခတ်ပွဲတွင် မြန်မာ့ဂုဏ်ဆောင်ခြင်း လိပ်ပြာနန္ဒာဝင်း တပင်တိုင်ခြင်း အလှခတ်စွမ်းရည်ဖြင့် ၂ ရက်တာလာရောက် အလှပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

“မြန်မာ့ရိုးရာခြင်းခတ် အားကစားယဉ်ကျေးမှု တိမ်ကောပပျောက်မှုမရှိစေရေးနှင့် မျိုးဆက်သစ် လူငယ်များလက်ဆင့် ကမ်းထိန်းသိမ်းနိုင်ကြစေရေးရည်ရွယ်ပြီး ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ်ကျင်းပတဲ့ ခြင်းလုံး အလှခတ်ပွဲမှာ ခြင်းဝါသနာရှင်ပြည်သူတွေကို ခြင်းအလှခတ်စွမ်းရည်ဖြင့် ဖျော်ဖြေပေးဖို့ ခြင်းလိပ်ပြာ နန္ဒာဝင်းကို ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ခြင်းအလှခတ်ပွဲတွင် ခြင်းမင်းသား၊ မင်းသမီးများဖြစ်ကြတဲ့ ရန်ကုန်တိုင်းဒေသကြီးမှ အောင်မင်းထွေး၊ မန္တလေးတိုင်းဒေသကြီးမှ မိုးထက်မြင့်၊ မျိုးဆက်သာနှင့် စိုးဝေနှင်း၊ မကွေးတိုင်းဒေသကြီးမှ ကိုရှိုင်း၊ တင်တင်လင်း၊ အောင်သူဘိုတို့ပါဝင်တဲ့အပြင် ပခုက္ကူမြို့နယ်မှခြောက်ဦးစီပါဝင်တဲ့ ခြင်းအလှခတ်အဖွဲ့ ၁၂ ဖွဲ့လည်း ပါဝင်ကြောင်း၊ ပွဲကို သီတင်းကျွတ်လဆန်း ၁၃ ရက်မှ ၁၄ ရက်အထိ ၂ ရက်ကြာကျင်းပခြင်းဖြစ်ကြောင်း ပခုက္ကူမြို့၊သီဟိုဠ်ရှင် မြတ်စွာဘုရားကြီး၏ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌ ဦးလှဖုန်းထံက သိရသည်။

“သမီးကခြောက်နှစ်ကတည်းက ခြင်းခတ်ဝါသနာပါပြီး လေ့ကျင့်ခဲ့တာပါ၊ ဖေဖေခြင်းခတ်တဲ့ နောက်ကိုလိုက်သွားရင်း စိတ်ဝင်စားလာလို့ သင်ယူလေ့ကျင့်ခဲ့တာပါ၊ လက်ရှိသမီး အသက်(၁၂)နှစ်ရှိပါပြီ၊ ဘုရားပွဲ၊ အလှူပွဲ၊ ကထိန်ပွဲနှင့် အခြားပွဲတွေမှာ  ခြင်းအလှခတ်ပါတယ်၊ ခြင်းအလှပြတာတွေက အရင်ဦးဆုံးခြေဖျားတော့ပြီး သီချင်းလေးတွေနဲ့ကတယ်၊ ကွင်းတွေ၊ အာဆီယံ ကွင်း၊ မီးကွင်းတွေနဲ့ အလှပြကစားတယ်၊ ပါးစပ်ကိုက်ပြီး ဓားပြား၊ ဓားသွားတွေပေါ်တင်တယ်၊ ခုံပေါ်၊ ပုလင်းပေါ်တွေ တက်ကစားတယ်၊ ပုသိမ်ထီးတစ်ချောင်း၊ နှစ်ချောင်းတွေနဲ့အလှပြခတ်တယ်၊ နောက်ပိုင်း ပြိုင်ပွဲတွေမှာဝင်ပြိုင်ပြီး နိုင်ငံကျော်ခြင်းမင်းသမီး တစ်ယောက်ဖြစ်တဲ့အထိ ဆက်လက် ကြိုးစားသွားချင်ပါတယ်”ဟု မြန်မာ့ဂုဏ်ဆောင် ခြင်းလိပ်ပြာနန္ဒာဝင်းက ပြောပြသည်။

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုခြင်း အလှခတ်ကစားနည်းသည် ကမ္ဘာကအားကျ ဂုဏ်ယူလောက်သည့် ကစားနည်းဖြစ်ပြီး ခြင်းလုံးတစ်လုံးကို လူ ၄၊ ၅၊ ၆ဦးတို့က မြေပေါ်သို့မကျအောင် ဝိုင်းဖွဲ့ခတ် ကစားရသောကြောင့် အဖွဲ့၌ပါဝင်သူတစ်ဦးချင်း၏ စိတ်ကိုညီညွတ်စေသည့်အပြင် ကိုယ်လက် လှုပ်ရှားမှုရိုးရာ အားကစားတစ်ရပ်အနေဖြင့် ဘိုးဘေးဘီဘင်လက်ထက်များ လက်ထက်မှစတင်ပြီး ယနေ့အထိ မြတ်နိုးခုံမင်စွာကစားလာခဲ့သော အားကစားနည်းဖြစ်ကြောင်းသိရသည်။ 

ဘာမီသာ