ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာတွင် လယ်ယာမြေဧက ၈၀၀ ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်မည်

ပွင့်ဖြူ  ဒီဇင်ဘာ  ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာရှိ ကျေးလက်နေပြည်သူများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေး အတွက် ယခု ၂၀၂၀ -၂၀၂၁  ဘဏ္ဍာရေးနှစ်တွင် လယ်ယာမြေဧက ၈၀၀ ကျော် အကျိုးပြုမည့် ကျေးလက် ကုန်ထုတ်လမ်းသစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လယ်ယာသီးနှံ စိုက်ပျိုးလုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်နှင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် နှစ်စဉ် ဌာနခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့နယ်ကံဆွယ်ကျေးရွာရှိ ဒေသခံတောင်သူများ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေစွာ စိုက်ပျိုးလုပ်ကိုင်နိုင်ရန်နှင့် ဒေသထွက်ကုန်သီးနှံများ ဈေးကွက်သို့ အချိန်ကုန် လူပင်ပန်းသာစွာဖြင့် တင်ပို့ရောင်းချနိုင်ရေးအတွက် ဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၈ ဒသမ ၅ သန်းဖြင့် လမ်းအကျယ် ၁၂ ပေ ၊ ထု ၁ ပေ ၉ လက်မရှိ ကျောက်ရောမြေတင်၍ မြေနီကျောက်စရစ်ဖြန့်ခင်းခြင်းလုပ်ငန်းအား တင်ဒါအောင်မြင်သော Real Land ကုမ္ပဏီကို တာဝန်ယူဆောင်ရွက်လုပ်ကိုင်ခွင့်ပြုခဲ့ရာ အဆိုပါ တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ ကျေးလက်ကုန်ထုတ်လမ်း လုပ်ငန်းကို ယခုလ ၁၅ ရက်နေ့က စတင်၍ ဖောက်လုပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် အဆိုပါကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတားအား ကျေးရွာနေပြည်သူများ ရေရှည်အသုံးပြု သွားလာ နိုင်ရေးအတွက် အရှည်ပေ ၂၀၀ တံတားမြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၀ ဒသမ ၃ သန်း အသုံးပြု၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ် ကြီးကြပ်မှုဖြင့် တင်ဒါရရှိသော တော်ဝင်ထွန်း ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယခု အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပွင့်ဖြူမြို့နယ်ကံဆွယ်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား မြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ်ကံဆွယ်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံတောင်သူများ၏ လယ်ယာမြေဧက ၈၀၀ ကျော်အား (နွေ ၊ မိုး ၊ ဆောင်း)ရာသီမရွေး စိုက်ပျိုးရေးလုပ်ငန်းအား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး လယ်ယာမြေများမှ ထွက်ရှိသော သီးနှံထွက်ကုန် များကို ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။

ရဲဝင်းနိုင် (ညောင်ဦး)