ထားဝယ် အောက်တိုဘာ ၅
“ပညာရပ်များပေါင်းစုဖွဲ့လို့ သင်ကြားရေးအသွင်သစ်ကိုဖော်ဆောင်စို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး “၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားနှင့် မြတ်ဆရာပူဇော်ပွဲ” အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာဦးစွာအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဆရာဟူသည်”သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဖတ်ကြားပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်း သဝဏ်လွှာကို တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းနောင်က ဖတ်ကြားသည်။
ထို့နောက်ရမ္မဇူဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား/သူများက “လောကကြီးကို အလှဆင်ပါ”ပြဇာတ်ဖြင့် သရုပ်ဖော်ဖျော်ဖြေပြီး အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီးတစ်ဦးကမေတ္တာစကား မြွက်ကြားကာ အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား/သူများက “ခု၊ ဆယ်၊ ရာ၊ ထောင်၊သောင်း၊ သိန်း၊ သန်း ၊ ကုဋေ” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခြေခံပညာဆရာ၊/မများက “ဆရာ့ကြွေးဟောင်း ဆပ်နိုင်ကြပါစေ” သီချင်းဖြင့် သီဆိုဂုဏ်ပြုသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ပုလောမြို့နယ်၊ ကဒဲ အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဒေါ်စုလတ်ဖြူအား ဂုဏ်ထူးဆောင်ရဲဗလတံဆိပ် ချီးမြှင့်အပ်နှင်းပြီး “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများအား ဆုများချီးမြှင့်ကာ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်တို့တွင် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား/သူများအား ဆုချီးမြှင့်သည်။
ယင်းနောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “မြတ်ဆရာ” သီချင်းဖြင့် သီဆိုဂုဏ်ပြုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အငြိမ်းစားဆရာကြီး/ဆရာမကြီးများအား ဂါဝရပြုနှုတ်ဆက်သည်။
ဆက်လက်၍ တာဝန်ရှိသူများက အငြိမ်းစားဆရာကြီး/ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ကန်တော့ပစ္စည်းများ ပေးအပ်ကြကြောင်းသတင်း ရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)