ပွင့်ဖြူ အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့၌ မြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ပဉ္စာဒဿမအကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို အောက်တိုဘာ ၅ ရက် ၊ နံနက် ၉ နာရီက ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက နမောတဿ (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်း က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ပေးပို့သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားသည်။
ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းခိုင် က UNESCO ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ၊ UNICEF အမှုဆောင်ဒါရိုက်တာနှင့် အပြည်ပြည်ဆိုင်ရာပညာရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးတို့က ပူးတွဲပေးပို့သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်သဝဏ်လွှာအား ရှင်းလင်းဖတ်ကြားပြီး မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဇာမင်း က အခမ်းအနား အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများနှင့် တက်ရောက်ချီးမြှင့်ပေးသည့် အာစရိယဂိုဏ်းဝင် ဆရာကြီး ၊ ဆရာမကြီးများကို ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ ၊ ပညာရေးဝန်ထမ်းများနှင့် မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီဝင်များက ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို ဩကာသကန်တော့ချိုးဖြင့် ရှိခိုးပူဇော် ကန်တော့ကြရာ ပူဇော်ကန်တော့ခံ ဆရာကြီး ၊ ဆရာမကြီးများကိုယ်စား ဆရာကြီး ဦးကျော်ငြိမ်း က အစဉ်အလာမပျက် အာစရိယပူဇော်ပွဲ ကျင်းပပေးမှုအပေါ် ဩဝါဒစကား ပြောကြားသည်။
ယင်းနောက် မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်ပရိတ်သတ်များက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ကြွရောက်ချီးမြှင့်သည့် အသက်(၇၀)နှစ်အထက် ပူဇော်ကန်တော့ခံ ဆရာကြီး ၊ ဆရာမကြီး (၇၇)ဦးကို ဝတ္ထုငွေများဖြင့် ပူဇော်ကန်တော့ကြရာ ပူဇော်ကန်တော့ခံ ဆရာမကြီး ဒေါ်ခင်စန်းမြင့် က ဆုံးမဩဝါဒစကား ပြောကြားပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)