ဆင်ပေါင်ဝဲမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် (၁၄) ကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပ

ဆင်ပေါင်ဝဲ အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် (၁၄) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာအာစရိယပူဇော်ပွဲကို မြို့နယ်ပညာရေးမှူး ဦးကြည်သင်းနှင့် ပညာရေးဝန်ထမ်းများက ပဉ္စဂုဏံအဟံဝန်ဒါမိ၊ အာစရိယဂုဏံ အဟံဝန္ဒာမိ ဂါထာတော် သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးကြည်သင်းက ပူဇော်ပွဲကျင်းပရခြင်းအကြောင်းအား ရှင်းလင်းတင်ပြကာ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများက လက်ဆယ်ဖြာထိပ်မှာမိုး၍ အာစရိယဝန္ဒနာ ကန်တော့ချိုးဖြင့် ညီညာဖြဖြ ဆရာကြီး၊ ဆရာမကြီးများကို ဆုတောင်းမေတ္တာပို့ကြသည်။

ဆက်လက်၍ ဆရာကြီး၊ ဆရာမကြီးတို့မှ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများကို ဆုံးမဩဝါဒစကားများပြောကြားပြီး ကန်တော့ခံငွေများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကာ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီးဦးဆယ်တင်မှ ဆုတောင်းမေတ္တာပို့သ ပေးခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)